နိုဝင်ဘာ-၁၃၊ ၂၀၂၅။ ပုရစ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာအတွင်း ပြည်သူ ၁၈၅ဦးသေဆုံးခဲ့ရာ (၁၈) နှစ်အောက် ကလေးငယ် ၃၈ဦး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာ ၁၃ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့အောက်တိုဘာအတွင်းအကြမ်းဖက်ကျူးလွန်မှုမှတ်တမ်းတွေကို ထုတ်ပြန် အသိပေးခဲ့တာဖြစ်ပါတယ်။
” အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှု တွေကို သက်သေပြနေတဲ့ သွေးစွန်းတဲ့ကိန်းဂဏန်းတွေကတော့မရပ်တန့်သေးဘဲဆက်လက်မြင့်တက်နေတာကိုပြီးခဲ့တဲ့ အောက်တိုဘာလမှတ်တမ်းတွေအရ တွေ့မြင်နိုင်ပါတယ်”လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြပါတယ်။

Public Service Announcement
အောက်တိုဘာအတွင်းမှာတော့ စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၅၉မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ၁၈၅ဦး သေဆုံးကာ ၅၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်ရာမှာ ရှမ်းမြောက်က TNLA ထိန်းချုပ် ဒေသကိုလည်း အောက်တိုဘာလအတွင်းမှာ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၅၀ ခန့်သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ ကလေးငယ် ၁၀ဦး ပါဝင်ပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုနဲ့ အောက်တိုဘာလကုန်မှာ စစ်တပ်နဲ့ TNLA အပစ်ရပ်စဲရေး ပြုလုပ်အပြီးမှာတော့ ရှမ်းမြောက်ကို ဗုံးမကြဲတော့ဘဲ TNLA ရဲ့ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(AA) ထိန်းချုပ်မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေသေဆုံးထိခိုက်များခဲ့ပါတယ်။
စစ်အုပ်စုဟာလူထုကို အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်နေပြီး အောက်တိုဘာလ တလတည်းမှာပဲ နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စုစုပေါင်း ၁၁ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၁၆ ဦးသေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
အဲဒီထဲမှာတော့အသက် (၁၈)နှစ်အောက်ကလေးငယ် ၁၆ဦးအထိပါဝင်ပါတယ်။ ဒါဟာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၅ဦးနဲ့အထက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေကို ပြန်လည်စုစည်းထားတာလည်းဖြစ်ပါတယ်။
အောက်တိုဘာအတွင်း စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားတွေကို ဖော်ပြထားရာ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သားအဖြစ် ခိုင်းစေမှု၊ ဆေးဘက်ဆိုင်ရာ စင်တာတွေကို တိုက်ခိုက်တာ၊ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးတာ၊ တရားလက်လွတ်ဖမ်းဆီးတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ အတင်းအဓမ္မ စေခိုင်းတာ၊ တရားလက်လွတ်သတ်ဖြတ်တာ၊ ပစ္စည်းတွေ ဖျက်ဆီးတာ စတာတွေ ပါဝင်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် ၂၆၀ကျော်၊ ကျောင်း ၂၄ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၈လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
” ဒီလိုကျူးလွန်မှုတွေကို သက်သေအထောက်အထားအပြည့်နဲ့ စုဆောင်းထားပြီး ဒါတွေဟာ နိုင်ငံတကာက အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်ဖို့နဲ့၊ ကျူးလွန်ခံရသူတွေ ရဲ့ နစ်နာမှုအတွက် တရားမျှတမှုရဖို့အတွက် သက်သေမှတ်တမ်းတွေဖြစ်ပါတယ်”လို့လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ တရားမဝင်ရွေးကောက်ပွဲကို ကြိုးပမ်းနေတာနဲ့အမျှ မြေပြင်မှာလူထုအပေါ် အကြမ်းဖက်မှုတွေလည်း ဆက်တိုက်တိုးမြှင့်လုပ်ဆောင်နေကြောင်း ဖော်ပြပါတယ်။ တရားမဝင်ရွေးကောက်ပွဲဥပဒေကို အသက်သွင်းပြီးလူထုကို ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို အကြောက်တရားရိုက်သွင်းပြီး အတုအယောင်ရွေးကောက်ပွဲကို ပုံဖော်နေကြောင်း ထုတ်ပြန်ပါတယ်။


















































