Connect with us

Hi, what are you looking for?

သတင်း

“ စစ်တပ်​ရွေး​ကောက်ပွဲကိုနိုင်ငံတကာဘာပြောလဲ”

အာဏာသိမ်းစစ်တပ်က ယခုနှစ်ကုန်မှာကျင်းပမယ်ဆိုတဲ့ ​ရွေး​ကောက်ပွဲအ​ပေါ် နိုင်ငံတကာမှ အစိုးရ ၊ကုလသမဂ္ဂ မှတာဝန်ရှိသူအချို့ရဲ့ မှတ်ချက်​တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်က ယခုနှစ်ကုန်မှာကျင်းပမယ်ဆိုတဲ့ ​ရွေး​ကောက်ပွဲအ​ပေါ် နိုင်ငံတကာမှ အစိုးရ ၊ကုလသမဂ္ဂ မှတာဝန်ရှိသူအချို့ရဲ့ မှတ်ချက်​တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

-​သော်မွန်/People’s Spring

●ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်

ဒီ(စစ်ကောင်စီရဲ့)ရွေးကောက်ပွဲတွေ လွတ်လပ်ပြီးတရားမျှတမယ်လို့ ဘယ်သူကမျှ ယုံကြည်တယ်လို့ ကျွန်တော်မထင်ပါဘူး။ဒီရွေးကောက်ပွဲတွေက မြန်မာပြည်ပြဿနာတွေရဲ့အဖြေကို ထုတ်ပေးနိုင်လိမ့်မယ်လို့လည်း ဘယ်သူကမျှ ယုံကြည်တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီအချိန်က လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ့်အချိန်၊ တချိန်တည်းမှာ အရပ်သားအုပ်ချုပ်မှုဆီဦးတည်တဲ့ နိုင်ငံရေးဆိုင်ရာဆင့်ကဲပြောင်းလဲမှုနဲ့ အခြေခံဥပဒေနဲ့အညီဖွဲ့စည်းတဲ့အစိုးရကိုလေးစားဖို့ လမ်းခင်းပေးရမယ့်အချိန်ဖြစ်ပါတယ်။ – (အာဆီယံထိပ်သီးညီလာခံသတင်းစာရှင်းလင်းပွဲမှ)

Public Service Announcement

Public Service Announcement

●လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗိုကာတာ့ခ်

ဒီအခြေအနေတွေအောက်ကနေ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ စဥ်းစားလို့လိုက်မမီနိုင် ဖြစ်ရပါတယ်။ရွေးကောက်ပွဲတွေ လွတ်လပ်တရားမျှတပါတယ်လို့ ဘယ်သူကများ ဘယ်လိုပြောနိုင်မလဲ၊ဘယ်သူ့ထိန်းချုပ်မှုအောက်မှာမှမရှိတဲ့ တိုင်းပြည်ရဲ့နေရာတော်တော်များများကို သူတို့ ဘယ်လိုများ(ရွေးကောက်ပွဲ)ကျင်းပနိုင်မလဲ။ စစ်တပ်ကိုယ်တိုင်က ပဋိပက္ခထဲပါဝင်ပတ်သက်ပြီး ကိုယ့်ပြည်သူကို နှစ်ပေါင်းများစွာ ဖိနှိပ်နေပြီး ဘယ်လိုများ(ရွေးကောက်ပွဲ)ကျင်းပနိုင်မလဲ။ – (AFP သတင်းဌာနဲ့အင်တာဗျူးမှ)

●မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူတွမ်အန်ဒရူးစ်

ဒီရွေးကောက်ပွဲတွေက အတုအယောင်ဖြစ်ပါတယ်ဆိုတာ ကျွန်တော်ပြောနိုင်သမျှ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီရွေးကောက်ပွဲတွေက အလိမ်အညာတွေပါ။ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေ ဖမ်းဆီးခံထားရ၊ ထိန်းသိမ်းခံထားရ၊ အကျဥ်းချခံထားရ၊ ညှင်းပန်းနှိပ်စက်ခံရချိန်မှာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ခင်ဗျား ရရှိမှာမဟုတ်ပါဘူး။ – (ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှ)

●နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဝင်စတန်ပီတာ

မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ကြောင်း ဒီလွှတ်တော်မှာ ပြောချင်ပါတယ်။လက်ရှိအစီအစဥ်တွေဟာ လွတ်လပ်မှုမရှိသလို၊တရားမျှတမှုလည်းမရှိပါဘူး။ နောက်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဆီလည်း ဦးတည်မနေပါဘူး။ရွေးကောက်ပွဲအစီအစဥ်တွေနဲ့ပတ်သက်လို့ ထင်ထင်ရှားရှားအပြစ်အနာတွေ ရှိနေတာပါ။ မဲစာရွက်တွေမှာ စစ်မှန်တဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ မရှိနေဘူး။ နောက်ပြီး ရွေးကောက်ပွဲအပေါ် အများပြည်သူဝေဖန်မှုကိုလည်း ရာဇဝတ်မှုအဖြစ် ဖိနှိပ်တဲ့ဥပဒေတွေကိုလည်း ပြဌာန်းထားတယ်။ ဒီလိုအခြေအနေတွေအောက်မှာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ရွေးကောက်ပွဲတွေဟာအများယုံကြည်မှုရရှိမှာမဟုတ်ပါဘူး။ – (နယူးဇီလန်လွှတ်တော်ဆွေးနွေးချက်မှ)

●စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဗလာခရစ်ရှ်နန်

ချက်ချင်းဦးစားပေးရမှာက အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးအခြေအနေတွေ ဖန်တီးပေးဖို့တွေ ဖြစ်ပါတယ်။ငြိမ်းချမ်းရေး၊​လုံခြုံရေးနဲ့ အားလုံးပါဝင်မှုတွေက လာမယ့်ရွေးကောက်ပွဲတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ရပါမယ်။ ဒါမှသာ ရလဒ်က အများလက်ခံယုံကြည်မှာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထပ်ဟပ်မှာပါ။ – (စင်ကာပူလွှတ်တော်မှာ ဖြေကြားချက်မှ)

ဆက်စပ်သတင်းများ