Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မှာ မြေမြှုပ်မိုင်းကြောင့် အိမ်ထောင်ဦးစီးအမျိုးသား ခြေထောက်၂ဖက်စလုံး ဆုံးရှုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိပြီး ခြေထောက်နှစ်ဖက်စလုံးဖြတ်တောက်လိုက်ရပါတယ်။

နိုဝင်ဘာ-၁၄၊ ၂၀၂၅။ မိထက်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိပြီး ခြေထောက်နှစ်ဖက်စလုံးဖြတ်တောက်လိုက်ရပါတယ်။

ရေတာရှည်မြို့ ထိပ်ပေါက်ကျေးရွာမှာ နိုဝင်ဘာ ၁၃ရက် မနေ့ မနက် ၉နာရီခန့်က တောင်ယာတစ်ခုထဲမှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဒေသခံဖြစ်တဲ့ အသက် ၅၂နှစ်အရွယ် ဦးဝင်းနိုင်က မိုင်းနင်းမိတာဖြစ်ပြီး လက်နှစ်ဖက်စလုံးဒဏ်ရာအပြင်းအထန်ရသွားသလို ခြေထောက်နှစ်ဖက်စလုံးလည်းဖြတ်တောက်လိုက်ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အကောင်းကြီးကနေ ဒုက္ခရောက်တာ” လို့ ဦးဝင်းနိုင်ရဲ့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

ဦးဝင်းနိုင်ဟာ မိသားစုဝင် ၆ဦးရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးသူမို့ အကူအညီတွေပေးကြဖို့လည်း ဒေသခံတချို့က တောင်းဆိုပါတယ်။

ရေတာရှည်မြို့မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၀ရက်က စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီက တောင်ယာတွေနဲ့ လူနေရပ်ကွက်တွေအနီးမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNU၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲထဲမှာ စစ်ကောင်စီဘက်ကလည်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီနိုင်နိုင် အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပြီး အလွန်အန္တရာယ်ကြီးတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က ထုတ်ပြန်သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ