Connect with us

Hi, what are you looking for?

သတင်း

မောတောင်စခန်းသိမ်းတိုက်ပွဲ ၁၂၀ မမလက်နက်ကြီး ၂လက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းရ

တနင်္သာရီတိုင်း၊မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ မောတောင်နယ်စပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) မြိတ်ထားဝယ်ခရိုင်၊တပ်မဟာ(၄) ပူးပေါင်းတပ်တွေက ဒီကနေ့ နိုဝင်ဘာ ၁၄ရက်မနက်မှာ သိမ်းပိုက်နိုင်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီး ၂လက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

နိုဝင်ဘာ-၁၄၊ ၂၀၂၅။ ပုရစ်/People’s Spring

တနင်္သာရီတိုင်း၊မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ မောတောင်နယ်စပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) မြိတ်ထားဝယ်ခရိုင်၊တပ်မဟာ(၄) ပူးပေါင်းတပ်တွေက ဒီကနေ့ နိုဝင်ဘာ ၁၄ရက်မနက်မှာ သိမ်းပိုက်နိုင်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီး ၂လက်အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

မောတောင်နယ်စပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကသုံးလလောက်ပိတ်ဆို့ဖြတ်တောက်ပြီး နိုဝင်ဘာ ၁၁ရက်မနက်မှာ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၄ရက်မြောက် နိုဝင်ဘာ ၁၄ရက်မနက်အစောမှာ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားတာဖြစ်ပါတယ်။

စစ်ကောင်စီက နိုဝင်ဘာ ၁၀ရက်ညကတည်းက လက်နက်ကြီးတွေ ပစ်ခတ်တာ၊ လေကြောင်းပစ်ကူပေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် နယ်စပ်ကုန်သွယ်ရေးစခန်းကိုထပ်မံ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ ၁၂၀ မမ ၂လက်တော့ ပါတာပေါ့။ အကုန်လုံးအပြီးအစီး နယ်မြေရှင်းလင်းတဲ့အပိုင်းမပြီးသေးဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု အခြေအနေကို ပြောပြပါတယ်။

မောတောင်စခန်းသိမ်းပိုက်နိုင်မှုကို KNU မြိတ်ထားဝယ်ခရိုင် ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောအယ်နားက အတည်ပြုပါတယ်။

လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှုတွေရှိပေမယ့် မြေပြင်သတင်းတွေ အသေးစိတ်မရသေးဘူးလို့ ပြောပါတယ်။

မောတောင်စခန်းဟာ စစ်ကောင်စီအင်အား ၁၀၀လောက်တပ်စွဲထားတဲ့ စခန်းဖြစ်ပါတယ်။ စစ်ကောင်စီက မောတောင်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင်နေပေမယ့် သူတို့ ရည်မှန်းချက်မအောင်မြင်ဘဲ နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

မောတောင်နယ်စပ်စခန်းဟာအရင်က KNU မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ဌာနချုပ် အခြေစိုက်ရာ နေရာဖြစ်ပြီး စစ်တပ်က ၁၉၉၂မှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၃ နှစ်အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

KNU တပ်မဟာ(၄)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ ထီးခီးနယ်စပ်စခန်းအပါအဝင် မြန်မာ-ထိုင်းနယ်စပ်တလျှောက်က စစ်ကောင်စီ စခန်းတွေကို အခုနှစ်အတွင်းမှာ ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ