နိုဝင်ဘာ -၁၄၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူထိခိုက်မှုရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ (နိုဝင်ဘာ ၁၄ ရက်)မနက်ပိုင်းက မုံရွာ-မန္တလေးလမ်း၊ မုံရွာမြို့နယ်က ခင်မွန်ရွာဘက်စုံခြံအနီးမှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် ခရီးသွားယာဥ်တွေ ရပ်တန့်ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ မုံရွာ-မန္တလေးလမ်းမှာ ကြေးနီလမ်းကြောင်းရှိတာကြောင့် လမ်းကြောကို လုံခြုံရေးအရ တင်းကြပ်ထားတယ်။ ကားတန်းဖြတ်တဲ့လမ်းကြောင်းတလျောက် မကြာခဏ ပစ်ခတ်မှုတွေဖြစ်နေလို့ လမ်းကြောပိတ်ဆို့တာတွေ ရှိနေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် နေ့လယ် ၁ နာရီခန့်ကလည်း မုံရွာ-မန္တလေးလမ်းပိုင်းမှာရှိတဲ့ မုံရွေးရွာတိုးဂိတ်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မုံရွေးရွာထဲလက်နက်ကြီးကျကာ ပြည်သူ နှစ်ဦး ထိမှန်ဒဏ်ရာ ရရှိထားပြီး နေအိမ်အချို့မီးလောင်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
မုံရွာ-မန္တလမ်းပိုင်းက နတ်ရေကန်ရွာအနီးမှာ မနေ့ကညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အချိန်ကြာမြင့်စွာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါသေးတယ်။
မုံရွာ-မန္တလေးလမ်းမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းလုပ်တာတွေ၊ မိုင်းရှာခိုင်းတာတွေ ပြုလုပ်လေ့ရှိလို့ ပြည်သူတွေသတိပြုသွားလာဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
















































