■ ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးတွေကြုံရပေမယ့်အာဏာရှင်စနစ်ကျဆုံးရေး တစိုက်မတ်မတ်လုပ်သွားမယ်လို့ KNUက ပြည်သူတွေကိုအသိပေး
နိုဝင်ဘာ-၁၄၊ ၂၀၂၅။/People’s Spring
မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်းက မောတောင်မြို့ကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဒီကနေ့(နိုဝင်ဘာ ၁၄ရက်) မနက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၂၂၄ ခြေလျင်တပ်ရင်း(ခလရ-၂၂၄)အခြေစိုက်တဲ့ မောတောင်မြို့က နယ်စပ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၄ ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၂ရက်မနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ ။ စစ်ရေးသတင်းလုံခြုံရေးအရ ထိုးစစ်ဆင်နေစဥ်မှာ တိုက်ပွဲသတင်းကို မဖော်ပြသေးဖို့ KNLA တပ်မဟာ (၄) တာဝန်ရှိသူက လူထုနွေဦးကို မေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement
ဒီကနေ့မှာတော့ စစ်တပ်စခန်းကိုတော်လှန်ရေးတပ်က အပြီးသတ်သိမ်းပိုက်ရခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့မနက်ပိုင်းမှာ မောတောင်ဗျူဟာစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၅၀လောက်ဟာ စခန်းစွန့်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
“ စစ်တပ်ရော၊ ရဲရော ပျူစောထီးရော အကုန်လုံး ၅၀ကျော်လောက်ရှိတယ်။ ခလရ(၂၂၄)ထိုင်တာ။အဲဒီနယ်စပ်ဗျူဟာကုန်းစခန်းမှာ။ ထိုင်းဘက်ကို ပြေးသွားတာ။ မောတောင်မှာ စကစစခန်းက အဲဒီတခုပဲရှိတာ။ စခန်းက အဲဗျူဟာတခုပဲရှိတာ။ သူတို့ထွက်ပြေးသွားတော့ မြို့ကို တော်လှန်ရေးတပ်တွေက ရပြီပေါ့” လို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီအဖွဲ့မှာ အရာရှိ သုံးဦးက ဒဏ်ရာနဲ့ထွက်ပြေးသွားတာဖြစ်လို့ ထိုင်းအာဏာပိုင်တွေက ဆေးရုံတင်ပေးထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ လက်နက်တွေကသူတို့တချို့ယူပြီးထိုင်းထွက်ပြေးတာလည်းပါတယ်။ လက်နက်တချို့တော့ သိမ်းရတယ်။အရာရှိ ၃ယောက်က ဒဏ်ရာရလို့ ထိုင်းဆေးရုံမှာ တင်ထားတယ်ကြားတယ်။ထိုင်းဘက်က တင်ထားပေးတာ” လို့ ပြောပါတယ်။
စစ်တပ်က မြဝတီ၊သက်န်းညီနောင် နဲ့ အာရှအဝေးပြေးလမ်းမကို တန်ပြန်ထိုးစစ်ဆင်ပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်သိမ်းနိုင်ချိန် မှာ KNU/KNLA ကလည်း တနင်္သာရီတိုင်း မှာ ထိုးစစ်ဆင်ပြီး နယ်စပ်မြို့ ကိုပြန်သိမ်းပိုက်လိုက်တာဖြစ်ပါတယ် ။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း” ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးတွေနဲ့ကြုံရပေမဲ့လို့ တလှမ်းချင်းဆက်ပြီးအာဏာရှင်စနစ်တွေကျဆုံးရေးအတွက်တစိုက်မတ်မတ်ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ပြည်သူတွေကိုထပ်မံအသိပေးချင်ပါတယ်” လို့ မောတောင်မြို့သိမ်းနိုင်ခဲ့တဲ့အပေါ် မှတ်ချက်ပြုပါတယ်။
စစ်စခန်းကိုအတိုက်ခံရပြီး အထိနာချိန်မှာ စစ်တပ်ကတိုက်လေယာဥ်နဲ့ဗုံးကြဲခဲ့ပါတယ် ။တိုက်ပွဲဖြစ်ပွားတာရယ် ၊စစ်တပ်က ဗုံးကြဲတာကြောင့်မောတောင်မြို့ခံတွေဟာ ထိုင်း-မြန်မာနယ်စပ် မောတောင်-ဆင်ခွန်း နယ်စပ်မျဉ်းအနီးကို သွားရောက်တိမ်းရှောင်နေကြရပြီး ထိုင်းအာဏာပိုင်တွေကအစားအသောက်အချို့ပေးဝေခဲ့ပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ မောတောင်မြို့ခံတဦးလည်း ဒဏ်ရာရခဲ့လို့ ထိုင်းဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ စုံစမ်းသိရပါတယ်။
မောတောင်မြို့ဟာထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်က ဆင်ခွန်းမြို့နဲ့ ထိစပ်နေတဲ့ ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။ မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ မေလမှာ စတင်ဖွင့် လှစ်ခဲ့ကာ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးစခန်းပိတ်ထားပါတယ်။
စစ်တပ်အတွက် ရွေးကောက်ပွဲလုပ်မယ်ကြေညာပြီး တစ်လကျော်သာလိုတော့ချိန်မှာ နယ်စပ်ကအရေးပါတဲ့ မြို့တစ်မြို့ လက်လွှတ်ဆုံးရှုံးရတာဖြစ်ပါတယ် ။



















































