နိုဝင်ဘာ-၁၄၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
အမြန်လမ်းကစစ်ကောင်စီရဲ့လုံခြုံရေးစခန်းတစ်ခုကိုပြည်သူ့လွတ် မြောက်ရေးတပ်မတော် PLAက ထပ်မံစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ မိုင်တိုင်(၂၄၃)အနီးက ရတနာမြေကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAက နိုဝင်ဘာ ၁၂ရက်ညနေမှာ ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။
“စခန်းမှာဝင်စီးတော့ ပြေးကုန်တာ။ အဲဒီစခန်းက စကစတွေက အဲဒီနားကရွာတွေကိုစစ်ကြောင်းတွေ ထိုးနေတာ။ အဲဒီအချိန်မှာ ဝင်စီးတာ။ ကျည်တွေတော့ သိမ်းရတယ်ပြောတယ်။ စစ်အသုံးအဆောင်တွေတော့ မသယ်နိုင်လို့ မီးရှို့ခဲ့ပါတယ်။ အဲနားမှာ ရန်သူက စစ်ကြောင်းတွေ ထိုးနေတာ”လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူကို လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
“ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAက ရဲဘော်တွေ ဆောင်ရွက်ခဲ့တာ။စခန်းက စစ်သားတွေက တော့ ထွက်ပြေးသွားတယ်”လို့ စီးနင်းမှုဖြစ်စဥ်ကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။
စခန်းကိုစီးနင်းစဥ်မှာ ကျည်အချို့နဲ့ စစ်အသုံးဆောင်တွေ၊ရိက္ခာအချို့ကို သိမ်းရခဲ့တယ်လို့ ဓာတ်ပုံ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
“ရတနာ မြေစခန်းကစကစနေတဲ့ စခန်းကို ၁၂ရက် ညက မီးဝင်ရှို့တာလို့သိရတယ်။အခြားအဖွဲ့ တစ်ဖွဲ့က လုပ်တာ”လို့ နေပြည်တော်တပ်ကုန်း မြို့နယ်အခြေစိုက်ရဲဘော်တစ်ဦးက ပြောပါတယ်။
အခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာ ၁၁ရက်ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်က ရန်ကုန်-မန္တလေး အမြန်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ “လေးက”တံတားစခန်းဂိတ်ကို နေပြည်တော်တပ်ကုန်း PDF တပ်ရင်းအမှတ် (၈၀၃)က တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။





















































