နိုဝင်ဘာ-၁၄၊ ၂၀၂၅။ဇေအောင်/People’s Spring
နွေဦးတော်လှန်ရေးမှာတနိုင်ငံလုံး ၊ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်း သားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာ ရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်တွန်းလှန်ကြဖို့ အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ကျရောက်တဲ့ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသဝဏ်လွှာမှာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးတဲ့နောက်ပိုင်း အမျိုး သားနေ့အောင်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်မှာ ကျင်းပပြုလုပ်ပြီး မြန်မာတနိုင်ငံလုံး ဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေးဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေး စိတ်ဓာတ် နိုးကြားစေခဲ့တဲ့ နေ့ရက်လည်း ဖြစ်ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့တဲ့ အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် တိုင်းတပါးရဲ့ ကျူးကျော်ကျွန်ပြုခြင်းကို ခေါင်းငုံ့မခံဘဲ မိမိနိုင်ငံကို ချစ်မြတ်နိုးတဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်စွာနဲ့ လူထုကို စည်းရုံးဆော်ဩခြင်း၊ ကိုလိုနီနယ်ချဲ့ များကို သပိတ်လက်နက်ကိုင်စွဲပြီး ဆန့်ကျင်မှုများမှတဆင့် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး တောင်တန်းမြေပြန့် စည်းလုံးညီညွတ်စွာနဲ့ လွတ်လပ်ရေးကို အရယူအောင်ပွဲဆင်နိုင်ခဲ့တဲ့ လွတ်လပ်ရေးသမိုင်းဟာလည်း ထင်ရှားပြီးဖြစ်တယ်လို့ သဝဏ်လွှာမှာ ရေးသားပါတယ်။
ဒီနေ့ခေတ်မှာလည်း တိုင်းရင်းသား ပြည်သူလူထုအပေါ်မှာ မတရား အာဏာနဲ့ ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တောင်တန်းမြေပြန့် တိုင်းရင်းသားပေါင်းစုံနဲ့ မြန်မာပြည်သူလူထု တရပ်လုံးက ရရာနည်းလမ်း စုံနဲ့ ခုခံတွန်းလှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ရည်မှန်းကာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးကို ဆင်နွှဲနေတဲ့ ကာလဖြစ်ကြောင်း အသိပေးပါတယ်။
အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုပြီး သင်ခန်းစာယူရန်မှာ အတိတ်သမိုင်းမှာ လွတ်လပ်ရေးပန်းတိုင်ကိုရောက်ရှိအောင် နယ်ချဲ့ကိုလိုနီနဲ့ အာဏာရှင်ဝါဒကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့် တွန်းလှန်အောင်ပွဲဆင်နိုင်သကဲ့သို့ ယခုလက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေး ကြီးမှာလည်း မြန်မာတနိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံး အပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သမိုင်း မော်ကွန်းအသစ် စိုက်ထူရေးထိုး တွန်းလှန်သွားပါကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းခဲ့ပါတယ်။
၁၈၈၅မှာ မြန်မာနိုင်ငံဟာ တိုင်းတပါးကျူးကျော်မှုခံရပြီး အချုပ် အခြာအာဏာဆုံးရှုံးကာ နယ်ချဲ့အစိုးရရဲ့ လက်အောက်ခံကိုလိုနီအဖြစ်သို့ ကျရောက်သွားခဲ့ပါတယ်။
ကိုလိုနီနယ်ချဲ့အစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ရေးကို ရှေးရှုပြီး အမျိုးသား တော်လှန်ရေးကြီး ဆင်နွှဲခဲ့ကြရာမှာ မြန်မာသက္ကရာဇ် (၁၂၈၂) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးများဟာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ပထမဆုံးသပိတ်တိုက်ပွဲဆင်နွှဲတဲ့နေ့ကို အမှတ်သညာပြုပြီး အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
















































