Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းမှာ စတားလင့် သုံးစွဲသူဦးရေသိသာစွာ ကျဆင်းသွား

မြန်မာနိုင်ငံမှာ Starlink(စတားလင့်) အင်တာနက် သုံးစွဲသူ ဦးရေဟာ ရက်ပိုင်းအတွင်း သိသိသာသာ ပြန်လည် ကျဆင်းသွားခဲ့တယ်လို့ AFP သတင်းဌာနကသတင်း​ဖော်ပြပါတယ်။

စစ်တပ် နဲ့ BGF က KK Park မှအ​ဆောက်အအုံ ၁၀၀ ​ကျော်ကို​ဖောက်ခွဲဖျက်ဆီးခဲ့တယ်ဆို​ပေမယ့်ဂြိုဟ်တုပုံအရ အ​ဆောက်အအုံများစွာကျန်ရရှိ​နေဆဲဖြစ်​ကြောင်း​တွေ့ရစဥ်။ဓါတ်ပုံ-AFP

နိုဝင်ဘာ-၁၅၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာ Starlink(စတားလင့်) အင်တာနက် သုံးစွဲသူ ဦးရေဟာ ရက်ပိုင်းအတွင်း သိသိသာသာ ပြန်လည် ကျဆင်းသွားခဲ့တယ်လို့ AFP သတင်းဌာနကသတင်း​ဖော်ပြပါတယ်။

နယ်စပ် အခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေက စတားလင့် ဝန်ဆောင်မှုတွေကို အသုံးပြုနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့နောက် စတားလင့်ရဲ့ မိခင်ကုမ္ပဏီ SpaceX ဟာ ကျားဖြန့်ဂိုဏ်းတွေ ရှိနေတယ်လို့ ယူဆရတဲ့ နယ်မြေတွေမှာ ကွန်ရက် ထောက်ပံ့မှုကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

မြဝတီမြို့နယ်ထဲကကျားဖြန့်အဓိကနယ်မြေတစ်ခုလို့ ဆိုနိုင်တဲ့ KK Parkမှာ စတားလင့်အင်တာနက် ချိတ်ဆက်နိုင်တဲ့ စလောင်းတွေ အများအပြား ရှိနေကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့တဲ့နောက် SpaceXက အင်တာနက် လက်ခံချိတ် ဆက်တဲ့ စတားလင့်စက် ၂၅၀၀ လောက်ကို တားဆီး ပိတ်ဆို့ခဲ့ကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဆန်းပိုင်းလောက်တုန်းက စတားလင့်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး အင်တာနက်ကွန်ရက် ထောက်ပံ့မှု ကုမ္ပဏီအဖြစ် ရပ်တည်နေခဲ့ပြီး အင်တာနက် ဝန်ဆောင်မှု ၁၄ ရာခိုင်နှုန်းစာလောက် ခွဲတမ်းကို ရယူထားခဲ့ပါတယ်။ ဒါပေမဲ့ စတားလင့်ဟာ မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင် လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီတော့ မဟုတ်ပါဘူး။

နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ ကွန်ရက်တွေကို ပိတ်ချထားကြောင်း SpaceXက အတည်ပြုခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက်ထောက်ပံ့မှုကွန်ရက်စုစုပေါင်းရဲ့၇ရာခိုင်နှုန်းအောက် ခွဲတမ်းထိ စတားလင့်သုံးစွဲမှုက ပြန်လည် ကျဆင်းသွားခဲ့ပါတယ်။

SpaceXဟာကျားဖြန့်ဂိုဏ်းတွေအတွက် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အမေရိကန် လွှတ်တော်ရဲ့ ကြားနာစုံစမ်း မေးမြန်းမှုကိုလည်း ဇူလိုင်လကတည်းက ကြုံနေရပါတယ်။

ကျားဖြန့်အရေးကို နိုင်ငံတကာ အာရုံစိုက်မှု မြင့်တက်လာချိန်မှာ စစ်တပ်က KK Parkကို စီးနင်းပြီးအဆောက်အအုံပေါင်း ၁၀၀ ကျော်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ KK Parkတစ်ခုလုံးစာ ဧရိယာကတော့ သိပ်ပြီး ကြီးကြီးမားမားအထိအခိုက်ရှိဟန်မတူကြောင်း ဂြိုဟ်တုမှတ်တမ်း ဓာတ်ပုံတွေက ညွှန်ပြနေပါတယ်။

ကိုးကား- AFP

ဆက်စပ်သတင်းများ