နိုဝင်ဘာ – ၁၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ ကရင်ပြည်နယ်မြို့တော် ဘားအံမှာရောက်နေတာကြောင့် စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီး ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်း မြို့တွင်းဝင်ရောက်ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။
မနေ့ (နိုဝင်ဘာလ ၁၄ ရက်) ကစပြီး မြို့တွင်းမှာ စစ်ကားတွေ နဲ့ ကင်းပတ်သလို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း အင်အားတိုးမြှင့်ချထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့မှာဆိုရင် လိုင်စင်မဲ့ကားတွေ ဖြတ်သန်းရင် ဖမ်းဆီးမှာ ဖြစ်တဲ့အတွက် မြို့တွင်းမှာ အသွားအလာ ရှင်းနေတယ်လို့ ဘားအံမြို့ခံကလည်းအသိပေးပါတယ်။

Public Service Announcement
“ ကားဝစ်သောက်တွေ သွားလို့မရဘူး ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေကိုလည်း ဘားအံမြို့တွင်းထဲ ဝင်ရောက်ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ စစ်ကောင်စီတပ်ဘက်က အသိပေးထားပါတယ်။
မနေ့က စစ်ကောင်စီတပ် ကင်းလှည့်နေချိန် လမ်းပေါ်မှာတွေ့တဲ့ ကရင်ငြိမ်းချမ်းကောင်စီ KNU/KNLA PC အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦး ပိုင်ဆိုင်တဲ့လိုင်စင်မဲ့ကားတစ်စီးကို ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ဘားအံဒေသခံတစ်ဦးထံကသိရပါတယ်။
“ PC က တစ်စီးပါသွားတယ်၊ (အဖွဲ့အစည်း)ကဒ်တွေရော သေနတ်တွေရော ပါတာတောင်မရဘူးတဲ့” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ဒီနေ့မှာ ဘားအံမြို့ကနေ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ဆက်သွားမှာဖြစ်တဲ့အတွက် မော်လမြိုင်မြို့မှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်















































