Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်က နေအိမ်မီးရှို့ခံထားရတဲ့ အိမ်ထောင်စုတစ်ထောင်ကျော် အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ မီးရှို့ဖျက်ဆီးခံထားရတဲ့ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ဟာ တိမ်းရှောင်နေရလို့ အကူအညီတွေ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

စစ်တပ် မီးရှို့နေ၍ ထွက်ပြေးလာရတဲ့ ပြည်သူများအားတွေ့ရစဥ်။ဓာတ်ပုံ-WTSU-ABFS

နိုဝင်ဘာ-၁၅၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ မီးရှို့ဖျက်ဆီးခံထားရတဲ့ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ဟာ တိမ်းရှောင်နေရလို့ အကူအညီတွေ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမပတ်အတွင်းက ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှိုခဲ့လို့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးရှို့မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရာ လှတောရွာက နေအိမ် ၁၂၀၊ ထုံးဘို(အနောက်ရွာ)က ၁၄၀၊ ကျီးကန်ရွာက ၁၀၀၊ ဥယျာဥ်မက ၄၅ နဲ့အထက်တပ်ရွာက နေအိမ်၅၆လုံး စုစုပေါင်း နေအိမ်၄၆၁လုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်း ၉၅၀ မီးဘေးသင့်ခဲ့ကာ အကူအညီများ လိုအပ်နေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဦးဆောင်သူက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက်ကလည်း ဝက်လက်မြို့နယ်၊ ပင်းဇင်းရွာ၊ ကျီးကန်မြောက်ရွာနဲ့ ကျီးရစ်ကန်ရွာတွေကို စစ်တပ်က မီးထပ်ရှို့လို့ နေအိမ်တစ်ရာကျော် ပျက်စီးခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နေအိမ် အဆောက်အဦးတွေ စားစရာအဝတ်ထည် အကုန်လိုပါတယ်။ မီးဘေးသင့်ထားတော့

အစကနေပြန်လည်ထူထောင်ရမှာ”လို့ S&C အဖွဲ့ရဲ့ ဦးဆောင်သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ်မ(၃၃)နဲ့ ရွှေဘိုမြို့ လေ့ကျင့်ရေး(၈)က စစ်ကောင်စီတပ်သားတွေဖြစ်ပြီး ရွှေဘို-မန္တလေးလမ်းပေါ်က ရွာသာကြီးကျေးရွာမှာ အထိုင်ချထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဝက်လက်နယ်မြောက်ဘက်က ရွှေဘိုနယ်မှာ စစ်ကောင်စီတပ်က ရွှေဘို-မန္တလေးလမ်းပိုင်းမှာ တစ်လကျော်ကြာ စစ်ကြောင်းထိုးနေပြီး နိုဝင်ဘာ ၁၁ ရက်က တော်လှန်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားကာ ရွှေဘိုပကဖအဖွဲ့ဝင် ရဲဘော် ၇ဦး ကျဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ