နိုဝင်ဘာ- ၁၅၊ ၂၀၂၅။ ပုရစ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ်ကို ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေကြောင်း ချင်းညီနောင် တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းတင်မီက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၅ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်ရံပုံငွေ ရှာဖွေပွဲမှာ ဆလိုင်းတင်မီက ချင်းပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေကို အခုလို အသိပေးခဲ့တာပါ။
လက်ရှိ မြေပြင်အခြေအနေဟာ ယောနယ်ဘက် မှာဖြစ်စေ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဖြစ်စေ၊ ချင်းပြည်နယ်ဖြစ်စေ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement
“ချင်းညီနောင်ရဲ့ နယ်မြေမှာဆိုလို့ရှိရင် ZFU ဘက်မှာ PDF ဇိုလဲန်းဘက်မှာလည်း တော်တော်လေးခုခံနေရတဲ့ အခြေအနေရှိတယ်။ တချို့စခန်းတွေ သူတို့ ပြန်ပြီးမှ ယူတယ်။ နောက်ပြီးတော့ ကျနော်တို့ ရဲဘော်တွေကလည်း ပြန်ပြီး ခုခံပြိး ပြည်သူတွေတချို့ကို ကယ်ထုတ်နိုင်တဲ့ အခြေအနေရှိတယ်” လို့ ဆလိုင်းတင်မီက တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီတပ် ထိုးစစ်ဆင်မှု အခြေအနေကို ပြောပါတယ်။
တီးတိန်မြို့တိုက်ပွဲတွေမှာ လက်နက်အချို့ရပြီး အောင်မြင်မှုအချို့ရထားသလို ချင်းညီနောင် ရဲဘော်တွေ ပေးဆပ်ရတာရှိတယ်လို့လည်း အသိပေးပါတယ်။
“ဖလမ်းနယ်ဘက်မှာဆိုရင်လည်း အများကြီးစစ်ရေးတင်းမာပြီးတော့ တော်တော်လေးကို စစ်ကြောင်းထိုးတဲ့ အခြေအနေမှာရှိတယ်။ စစ်ကြောင်းထိုးတဲ့ အင်အားကလည်း မနည်းတဲ့အင်အားဖြစ်တယ်”လို့ ဆလိုင်းတင်မီက ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းကို စစ်တပ်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာကို အသိပေးပါတယ်။
မြို့ကို သိမ်းနိုင်တဲ့ အခြေအနေမှာ ရှိထားပြီးဖြစ်လို့လက်မလွှတ်ရရေး ပြန်ပြီးတော့ ခုခံဖို့လိုအပ်ကြောင်း ပြောပါတယ်။
စစ်ကောင်စီ ထိုးစစ်ခုခံနိုင်ဖို့ ရဲဘော်တွေက မြေပြင်က ခုခံနေတာဖြစ်လို့ ပြည်သူတွေ၊ ထောက်ပို့ရဲဘော်တွေအနေနဲ့ တက်စွမ်းတဲ့နေရာက ရဲဘော်တွေကို ထောက်ပို့ပေးဖို့လည်း ဆလိုင်းတင်မီက တောင်းဆိုပါတယ်။
ချင်းတောင်ဟာ လက်ရှိ အအေးဒဏ်ကြားမှာ ရဲဘော်တွေ တိုက်ပွဲဝင်နေတာဖြစ်သလို တဖက်မှာလည်း ပြည်သူတွေ စစ်ရှောင်နေရတယ်လို့ ပြောပါတယ်။
“စစ်ကိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အခါ ပြည်သူအချို့ကချင်းတောင်ဘက်တက်လာတယ်။ ချင်းတောင်ဘက် စကစ ရောက်တဲ့အခါ မှာတော့ ရွာဘက်ကို စစ်ရှောင်တဲ့သူတွေက တော်တော်လေးများပါတယ်။” လို့ ဆလိုင်းတင်မီက ပြောပါတယ်။
စစ်ရှောင်နေရတာဟာ ချင်းလူမျိုးသာ မဟုတ်ဘဲ ဗမာအပါအဝင် အခြားတိုင်းရင်းသားများစွာ ပါဝင်ပြီး စစ်ရှောင်တွေကို ကူညီဖို့ လိုအပ်ကြောင်းအသိပေးပါတယ်။
ယောကာကွယ်ရေးတပ် YDF စစ်ရုံးချုပ်က ရဲဘော် ဇွဲမာန်ဟိန်းကလည်း ချင်းညီနောင်မှာ အခက်အခဲရှိပါက ယောအနေဖြင့် အမြဲအဆင့်သင့်ရှိဟု ရံပုံငွေရှာဖွေမှု အစီအစဉ်မှာ ပြောပါတယ်။
ချင်းပြည်လွတ်မြောက်ရေးဟာ အခြားဒေသ ပြည်နယ်နဲ့ တိုင်းတွေအတွက် လွတ်မြောက်ရေးလမ်းစဖြစ်တယ်လို့ ရဲဘော်ဇွဲမာန်ဟိန်းက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုအားလုံးအတွက် ခလုတ်ကန်သင်းဖြစ်တယ်လို့ ပြောကြားပြီး ဒါကို အမြစ်ဖြတ်နိုင်ဖို့ ပြည်သူလူထုရဲ့ အားလိုအပ်တယ်လို့ ပြောပါတယ်။အာဏာရှင်လက်အောက်က အမြန်ဆုံး လွတ်မြောက်နိုင်ရေး ပါဝင်အားဖြည့်ပေးဖို့လည်း တိုက်တွန်းပါတယ်။
ချင်းညီနောင်တွေတိုက်ထားတဲ့ ဒေသတွေကို လက်ရှိအချိန်ထိ ဝိုင်းဝန်းကာကွယ်လျက်ရှိပြီး ဘယ်တော့မှ လက်တွဲဖြုတ်မှာမဟုတ်ဘူးလို့လည်း ကိုဇွဲမာန်ဟိန်းက ပြောပါတယ်။

















































