နိုဝင်ဘာ-၁၅၊ ၂၀၂၅။ မိထက်/People’s Spring
MNDAA၊TNLA တို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတယ်လို့ အာရက္ခတပ်တော်(AA)က သတိပေးထားချိန် ဒီနေ့မနက်ပိုင်းမှာပဲ ရသေ့တောင်မြို့ကို ထပ်မံ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ရသေ့တောင်မြို့နယ်၊ ဘာထလေရွာကို စစ်ကောင်စီက ဒီနေ့ နိုဝင်ဘာ ၁၅ရက် မနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာပါ။
“ ဘာထလေကို ကြဲသွားပြန်ပြီ။ ထိတာက ၆ယောက် ၇ယောက်လောက်ရှိတယ်။ ၂ဦးသေဆုံးထားပြီဗျ။ အရပ်သားတွေ။ ဒါက မြေပြင်ကနေ သိရတာပါ” လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်က မနက် ၁၁နာရီခန့်မှာ ပြောပါတယ်။

Public Service Announcement
နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ စစ်ကောင်စီက ဘာထလေရွာအပြင် နွားတင်းကုတ်ရွာကိုလည်း ဗုံးကြဲသွားလို့ စုစုပေါင်းအရပ်သားသေဆုံးသူ ငါးဦးရှိတယ်လို့ ပြောပါတယ်။
AAထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီက အောက်တိုဘာ ၃၁ရက်မှာ စစ်အုပ်ချုပ်ရေးထပ် ကြေညာပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာပါတယ်။ နိုဝင်ဘာ ၇ရက်ကလည်း ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်ကို လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီးပစ်ခတ်ခဲ့လို့ အရပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၉ရက်ကနေ ဒီနေ့အထိ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တော၊ မင်းပြားမြို့နယ်တွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၂၀ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၆၃ ခုကို အောက်တိုဘာ ၃၁ရက်မှာ အရေးပေါ်အခြေအနေ ထပ်မံကြေညာခဲ့ပြီး AAအလုံးစုံထိန်းချုပ်ထားပြီး အုပ်ချုပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ၊ဂွမြို့နယ်နဲ့ပလက်၀တို့ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ စစ်အုပ်ချုပ်ရေး ရက် ၉၀ ကြေငြာခဲ့ပြီးထပ်မံသက်တမ်းတိုးတာပါ။
AAရဲ့ မဟာမိတ်တွေဖြစ်တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကိုလည်း စစ်အုပ်ချုပ်ရေးကြေညာထားပေမယ့် စစ်ကောင်စီနဲ့ အဲဒီနှစ်ဖွဲ့ဟာ ယာယီအပစ်ရပ်ထားပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာ MNDAA၊TNLA တို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူပြီး လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လာတယ်လို့ AAက အောက်တိုဘာ ၃၁ရက်မှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ လူထုအပေါ်ကမ်းကုန်အောင် ရက်စက်ယုတ်မာနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း လက်နက်ကြီး၊ ဒရုန်းများ တိုက်ခိုက်မှုတွေကို သတိပြုကြဖို့တိုက်တွန်းထားပါတယ်။
















































