Connect with us

Hi, what are you looking for?

သတင်း

မောတောင်စခန်းအတိုက်ခံရမယ်ဆိုတာ တပတ်ကြိုသိပေမယ့် ဘာအကာအကွယ်မှ စစ်ခေါင်းဆောင်တွေ လုပ်မပေးဟု စစ်သုံ့ပန်းတွေပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လာတိုက်မှာကို တပတ်ကြာကြိုသိပေမယ့် စစ်ခေါင်းဆောင် တွေက ဘာမှအကာအကွယ်တွေလုပ်မပေးခဲ့ဘူးလို့ မြန်မာ-ထိုင်းနယ်စပ်က မောတောင်စခန်းသိမ်းတိုက်ပွဲမှာ အဖမ်းခံရတဲ့ စစ်ကောင်စီတပ်သားတွေက ပြောပါတယ်။

မောတောင်စခန်းသိမ်းတိုက်ပွဲက ဖမ်းမိတဲ့ သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU MTD

▪️တပ်ရင်းမှူးတာဝန်ယူနေတဲ့ မောတောင်စခန်းဒုတပ်ရင်းမှူးက ထိုင်းဘက်ကိုယ်လွတ်ရုန်းထွက်ပြေး

နိုဝင်ဘာ-၁၅၊ ၂၀၂၅။ ပုရစ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လာတိုက်မှာကို တပတ်ကြာကြိုသိပေမယ့် စစ်ခေါင်းဆောင် တွေက ဘာမှအကာအကွယ်တွေလုပ်မပေးခဲ့ဘူးလို့ မြန်မာ-ထိုင်းနယ်စပ်က မောတောင်စခန်းသိမ်းတိုက်ပွဲမှာ အဖမ်းခံရတဲ့ စစ်ကောင်စီတပ်သားတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့သိမ်းတိုက်ပွဲကို KNU တပ်မဟာ(၄) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၁ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၄ရက်မြောက်နေ့ နိုဝင်ဘာ ၁၄မနက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံက ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ အများအပြားသိမ်းရခဲ့သလို စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့စစ်သုံ့ပန်းတွေကို တပ်မဟာ(၄)နယ်မြေထဲကို ရောက်ရှိနေတဲ့ CDMအရာရှိ ဗိုလ်မှူးတင်လင်းအောင်က တွေ့ဆုံစကားပြောနေတဲ့ ရုပ်သံမှတ်တမ်းကို ဗိုလ်မှူးတင်လင်းအောင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဒီကနေ နိုဝင်ဘာ ၁၅ရက် မှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူးတင်လင်းအောင်ဟာ ဒုတပ်ရင်းမှူး ဘ၀နဲ့ KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသမှာ CDM ပြုလုပ်ခဲ့သူဖြစ်ပြီး CDM ပြုလုပ်စဉ် သူမိသားစုကို စစ်တပ်ထဲကလွတ်မြောက်ရေး ကူညီပေးတဲ့ KNU တပ်မဟာ(၄)နယ်မြေကို ရောက်ရှိနေတာဖြစ်ပြီး မောတောင်စခန်းသိမ်းတိုက်ပွဲမှာ အဲဒီဒေသကို ရောက်ရှိနေတာဖြစ်ပါတယ်။

” ကျနော်တို့ စစ်တိုက်တဲ့အခါ စစ်တိုက်တာ ရည်ရွယ်ချက်ရှိရမယ်ဗျာ။ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တိုက်တဲ့အခါ သူတို့မှာ ရည်ရွယ်ချက်ရှိတယ်။ သူတို့ လူထုလွတ်မြောက်ဖို့။ တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အခွင့်အရေးရရှိဖို့ ။ ပြီးလို့ရှိရင် စစ်မှန်တဲ့ ဒီမိုကရေစီကို ရရှိဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရည်ရွယ်ချက်နဲ့တိုက်ပွဲဝင်တာ။ အခု ခင်ဗျားတို့ တိုက်ပွဲဝင်တာရည်ရွယ်ချက်ရှိလား သိလား ဘာရည်ရွယ်ချက်ရှိလဲ။ ဗမာစစ်တပ်မှာ နေပြီး စစ်တိုက်နေတာ ဘာရည်ရွယ်ချက်ကြောင့် ပါဆိုတာ သိတဲ့သူရှိရင် ကျနော့်ပြောပြ” ဟု ဗိုလ်မှူးတင်လင်းအောင်က စစ်သုံ့ပန်းတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးရဲ့ မေးမြန်းမှုကို စစ်သုံ့ပန်းအချို့က မသိပါဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

” မင်းအောင်လှိုင်က ခင်ဗျားတို့အပေါ်မှာ မေတ္တာတရားရှိလား။အခု ဒီမှာ ခင်ဗျားတို့ တိုက်ခံရတော့မယ် ဆိုတဲ့ဟာ ဟိုညီလေးကို မေးကြည့်တယ် စစ်ကြောင်း(၂)မှူးကို မေးကြည့်တာ တိုက်ခံရတော့မယ့်ဟာ ဘယ်လောက်အကြာက ကြိုသိလဲဆိုတော့ ၇ရက်လောက်အကြာကတည်းက ကျနော်တို့ ကြိုသိနေတယ်တဲ့။ ဒါပေမဲ့ ခင်ဗျားတို့ကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ခင်ဗျားတို့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ခင်ဗျားတို့ကို မင်းအောင်လှိုင်က ဘာလုပ်ပေးလဲ” လို့ ဗိုလ်မှူးတင်လင်းအောင်က ပြောတဲ့အခါ မေးတဲ့အခါ စစ်သုံ့ပန်းတွေက ဘာမှ မလုပ်ပေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မောတောင်မှာ တာဝန်ကျနေတဲ့ ဒုတပ်ရင်းမှူးကလည်း နှီးဘုရားကုန်းကို တော်လှန်ရေးဘက်က သိမ်းပိုက်ပြီးနောက် နယ်စပ်ဂိတ်ပေါက်ကနေ ထွက်ပြေးသွားတယ်လို့ သိရကြောင်း ဗိုလ်မှူးက ပြောပါတယ်။

မောတောင်စခန်းမှာ တပ်ရင်းမှူးက အမည်စာရင်းပဲရှိပြီး ဒုတပ်ရင်းမှူးက တပ်ရင်းမှူးတာဝန်ယူနေတာလို့ ဆိုပါတယ်။

” တပ်ရင်းမှူး မရှိလို့ သူက ခေတ္တတပ်ရင်းမှူးလုပ်နေတဲ့သူက သူကအောက်ခြေရဲဘော်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငါဘယ်လိုကာကွယ်ရမယ် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စီမံချက်တွေ သူ့မှာ မရှိဘူး ။ သူတောင်မှ ကိုယ်လွတ်ရုန်းပြီးပြေးတယ်။ မင်းအောင်လှိုင်လည်း ဒီအတိုင်းပဲ။ သူ့ရဲ့ အသက် သူ့ရဲ့အာဏာ၊ သူ့ရဲ့ရာထူး စည်းစိမ်တွေနဲ့ ပတ်သက်လာလို့ရှိရင် ခင်ဗျားတို့ ကျနော်တို့ကို ဘယ်တော့မှ ပြန်လှည့်မကြည့်ဘူးဆိုတာကို ကျနော်က ဟိုးအရင်ကတည်းက သိလို့ အေးအေးဆေးဆေးတော်လှန်ရေးဘက်ကို ကူးပြောင်းပြီး တော်လှန်ရေး ဘက်တော်သားတွေနဲ့အတူတူ” လို့ ဗိုလ်မှူးတင်လင်းအောင်က CDM ပြုလုပ်ခဲ့ရတဲ့ အကြောင်းအရင်းကိုပါ စစ်သုံ့ပန်းတွေကို ပြောပြပါတယ်။

တော်လှန်ရေးတပ်တွေ မောတောင်စခန်းကို တိုက်တာ မောတောင်ပြည်သူလူထု လွတ်မြောက်ဖို့ ဖြစ်တယ်လို့ လည်းရှင်းပြပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ သုံ့ပမ်းအဖြစ် အဖမ်းခံရရင်လည်း မင်းအောင်လှိုင်က ပွဲတက်မပျက် အပျော်အပါးမပျက်ဘဲ အောက်ခြေရဲဘော်တွေအပေါ်ဘာသံယောဇဉ်မှ မထားဘူးဟု CDM အရာရှိက ရှင်းပြပါတယ်။

“ရည်ရွယ်ချက်ရည်မှန်းချက်ရှိတဲ့သူတွေနဲ့အတူတူ စစ်တိုက်ရတာ ပိုပြီး အဓိပ္ပါယ်ရှိတယ်။ ..။ စစ်သား ဘ၀ကနေ ချက်ချင်း သုံ့ပန်းဖြစ်လာတဲ့အခါ ကျတော့ ခင်ဗျားတို့လည်း ကျနော်ပြောတဲ့ စကားတွေ နားထဲမှာ ကန့်လန့်ဖြစ်ရင်ဖြစ်နေလိမ့်မယ်” လို့လည်း ဗိုလ်မှူးတင်လင်းအောင်က ပြောပါတယ်။

လက်ရှိ စစ်သုံ့ပန်းဘ၀မှာ အေးအေးဆေးဆေးနေပါက တော်လှန်ရေးအဖွဲ့တွေ အေးဆေးထားမှာဖြစ်ကြောင်း အသိပေးပါတယ်။

“ခင်ဗျားတို့လည်း ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေပြီလဲ ငါဘာဆက်လုပ်သင့်လဲ ဆိုတဲ့ဟာကို ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး စဉ်းစားပြီးတော့မှ ဒီကတပ်ဖွဲ့တွေကို နိုင်တဲ့ဟာ ဝိုင်းပြီးတော့ကူညီ။ ကိုယ်ကိုယ်တိုင် သေနတ်ကိုင်ပြီး ဝင်တိုက်ဖို့ မလိုဘူး။ ထင်းတချောင်းခွဲပေးတာ ရေတပုံးခပ်ပေးတာ တော်လှန်ရေးကို ကူညီတာပဲ။ ထမင်းအိုးတလုံးတည်ပေးတာလည်း တော်လှန်ရေးကိုကူညီတာပဲ။ မင်းအောင်လှိုင်ဘက်က စစ်သားကလည်း ပြည်သူကျွေးတာကို စားတာ။ တော်လှန်ရေးဘက်က စစ်သားကလည်း ပြည်သူကျွေးတာစားတာ။ ပြည်သူကျွေးတာစားတာချင်းအတူတူတောင်မှ ကျနော်တို့က ဂုဏ်သိက္ခာရှိရှိ ပြည်သူကျွေးတာစားတာ”လို့ ဗိုလ်မှူးတင်လင်းအောင်က ပြောပါတယ်။

တော်လှန်ရေးဘက်တော်သားတွေကို ခွေးနဲ့နှိုင်းရေးသာ ကြားဖူးလားဟု မေးမြန်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပဲ စစ်ခွေး၊ ရဲခွေး ဟု ခေါ်ဆိုခံနေရကြောင်း ပြောပြပါတယ်။

မင်းအောင်လှိုင်က ရွေးကောက်ပွဲလုပ်ပြီး အေးအေးဆေးဆေးရှောင်ထွက်သွားမှာ ဖြစ်ကြောင်း CDM ဗိုလ်မှူးက ပြောကြားခဲ့ပြီး မင်းအောင်လှိုင်အတွက် သစ္စာခံနေမယ့်အစား သုံ့ပန်းဘ၀ ရောက်တာ ကောင်းတယ်လို့လည်း စစ်သုံ့ပန်းတွေကို ပြောကြားခဲ့ပါတယ်။

KNU ကလည်း စစ်သုံ့ပန်းတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ရက်က ထုတ်ပြန်အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ