နိုဝင်ဘာ ၁၅၊၂၀၂၅။ဇေအောင်/People’s Spring
ပျော်ဘွယ်နဲ့ နတ်မောက်မြို့နယ်တွေမှာ စစ်ကောင်စီရွေးကောက်ပွဲအတွက် အလုပ်လုပ်ပေးနေတဲ့ ရပ်ကျေးဥက္ကဌတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံးပြီး ကော်မရှင်ရုံးစာရေးတစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။
နိုဝင်ဘာ ၁၄ ရက် ညနေက မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသောင်းဝင်း(ခေါ်)ဦးသန်းဝင်းဟာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနေတဲ့အပြင် ပြည်သူတွေကို ပေါ်တာဆွဲတာ၊ စစ်မှုထမ်းဖို့အတွက် လစဥ်ကြေးကောက်တာတွေ ပြုလုပ်နေလို့ သတိပေးခဲ့ကြောင်း၊ နားမထောင်ဘဲ ဆက်လုပ်နေလို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နတ်မောက်ဂဠုန် PDF တပ်ရင်း(၉၀၃) က ဗိုလ်အောင်ဒင်က ပြောပါတယ်။

Public Service Announcement
“ရွေးကောက်ပွဲက မြေပြင်ကိုမဆင်းတော့ဘဲနဲ့ ထွေအုပ်တွေကနေပဲ ရပ်ရွာကစာရင်းတွေကို သူတို့ကနေတဆင့်ပို့တာ။ အဲဒီစာရင်းတွေကတော့ မရခဲ့ပါဘူး။”လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။
အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံးက အကြီးတန်းစာရေးဖြစ်သူ ၊ မြို့သစ်မြို့၊ မကျီးကုန်းလေးကျေးရွာနေ မင်းသူဆိုသူကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ရင်း(၉၀၃)က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
သူ့ကို မိသားစုနဲ့လည်း ဆက်သွယ်ခွင့်ပေးခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ရင်း(၉၀၃)က အသိပေးပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အတွက် ပူးပေါင်းပါဝင်သူတွေကို အရေးယူသွားမယ်လို့ နတ်မောက်ဂဠုန် PDF တပ်ရင်း(၉၀၃)က အသိပေးထားပါတယ်။


















































