နိုဝင်ဘာ-၁၅၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
စစ်ကိုင်းတိုင်းမှာ စစ်ကြောင်းပျက်တဲ့အထိတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရဲ့ တပ်မ(၃၃) လက်အောက်ခံ တပ်တွေနဲ့ သင်္ဃန်းဝတ်ဝါသဝ လက်အောက်ခံပျူစောထီး ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ကန့်ဘလူနဲ့ ခင်ဦးမြိို့နယ်အစပ်ကို ဒီကနေ့(နိုဝင်ဘာ ၁၅ရက်)မှာ စစ်ကြောင်းထိုးဖို့ရောက်လာတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ခင်ဦးမြို့နယ်အစပ်က ကန့်ဘလူနယ်မြို့နယ် အိုင်ပေါင်းချောင်ကျေးရွာကို ရောက်ရှိနေပြီး ညအိပ်တပ်စွဲနေတာကြောင့် အိုင်ပေါင်းချောင်ရွာအပါအဝင်အနီးနားက ကျေးရွာ (၇)ရွာထက်မနည်း ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်အနောက်ခြမ်း မူးမြစ်အရှေ့ဘက် သက်သာပန်းတောင်း (ကားဆိပ်)ရွာ တပ်စွဲခဲ့တဲ့ ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်စစ်ကြောင်းကလည်း မြို့ပေါ် ပြန်လည်ဆုတ်ခွာသွားပေမယ့် မူးမြစ်အကူး လှေကတို့ဆိပ်အနီးမှာ ကင်းပုန်းတွေ ပိုချထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ ဟိုနေ့က တိုက်ပွဲအရှိန်ရယ် အဲ့ဒီကြောကနေ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းအကုန် ထိန်းချုပ်ချင်တာကြောင့်” လို့ အထက်ပါတာဝန်ရှိသူက စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာမှုကို ရှင်းပြပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ)နဲ့ မိတ္ထိလာရှမ်းတဲလေတပ်ကနေ ရေဦးမြို့ပေါ်နဲ့ ခင်ဦးမြို့အနောက်ဘက်ခြမ်းက စစ်ကောင်စီတပ်စခန်းချထားတဲ့ ပျဥ်ထောင်ရွာကို လက်နက်ပစ္စည်းတွေ လေကြောင်းကနေ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လတ်တလော စစ်ရေးအခြေအနေတွေကြောင့် မြင်းဒေါင်း-သာဝတ္ထိ-မုံလှ-ကာဘိုး အနီးရှိကျေးရွာတွေက ဒေသခံအချို့ဟာ ကျေးရွာတွေအတွင်း မနေရဲကြသလို အိုင်ပေါင်းချောင်ရွာအပါအဝင်ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေဟာ တိမ်းရှောင်နေရတယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူ တစ်ဦးက ဆိုပါတယ်။
“ ဆောင်းအကူးမှာ စစ်ရှောင်ရတာ ဖြစ်သလို ၁၀ရက်နေ့ကနေ ၁၅ရက်ထိ ၅ ရက်ဆက် တိမ်းရှောင်နေရတာပါ။အဲ့အတွက် စားစရာ၊ နေစရာ အခက်ခဲနဲ့အဝတ်အထည်နဲ့ ကျန်းမာရေးဆေးဝါးတွေလည်း လိုအပ်နေပါတယ်” လို့ ၎င်းက ပြောပါတယ်။
ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း၊ခင်ဦး-ကန့်ဘလူ- ရေဦးအစပ် နဲ့ ကန့်ဘလူအနောက်တောင်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်ကနေ ဒီကနေ့ထိ လေကြောင်းတိုက်ခိုက်မှု ၁၅ကြိမ်ထက်မနည်း လုပ်ထားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ခင်ဦးအနောက်ခြမ်း-ခင်ဦး-ရေဦး-ကန့်ဘလူအစပ်ကန့်ဘလူ-ခင်ဦးအစပ် ကျေးရွာတွေက ဒေသခံတွေအနေနဲ့ ဝေဟင်၊မြေပြင် အထူးဂရုစိုက်ကြဖို့ တိုက်တွန်းထားပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ကန့်ဘလူနဲ့ခင်ဦးမြို့နယ်အစပ်က ယင်းတိုက်ကျေးရွာအနီးမှာ တပ်မ(၃၃)နဲ့ ပြည်သူ့စစ် ၁၀၀ကျော်ပါတဲ့ စစ်ကြောင်းတိုက်ခံရပြီး စစ်ကြောင်းပျက်လုနီးပါး ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ကန့်ဘလူ–ခင်ဦး–ရေဦး–တန့်ဆည်မြို့နယ်အစပ်နေရာတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ထားပါတယ်။
















































