■စစ်တပ်ရွေးကောက်ပွဲကူညီအားပေးသူတွေကိုဆက်လက်အရေးယူမည်ဟုNUG ပြည်ထဲရေးဒုဝန်ကြီးပြော
နိုဝင်ဘာ ၁၅၊၂၀၂၅။နေ့သစ်/People’s Spring
မကွေးတိုင်း၊စလင်းမြို့နယ်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲဦးဆောင်ပြုလုပ်နေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားပြီးအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက လူထုနွေဦးကို အတည်ပြုပါတယ်။

စလင်းမြို့နယ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သက်ဝေဆိုသူဟာတရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်ပြီး စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ ဦးဆောင်ပါဝင်နေတဲ့အတွက် ပြည်သူကို အကြမ်းဖက်မှုပြုလုပ်နေတာကြောင့် ပြည်သူတွေရဲ့ သတင်းပေးမှုအရ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
“ စကစနဲ့ စစ်အုပ်စုပေါ့။ အခု စကမပေါ့။ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတယ်။ စကစရဲ့ ရွေးကော်ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတယ်ပေါ့နော်။ ဒါကြောင့် ရွေးကော်အဖွဲ့ဝင်တွေအကုန်လုံးက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားတယ်။ ဒါကြောင့် ကျနော်တို့အဲဒီအဖွဲ့ဝင်တွေ အကုန်လုံးကို ဖမ်းဆီးအရေးယူဖို့အတွက်ကို ကျနော်တို့ အောက်ခြေအဖွဲ့အစည်းတွေကို အဆင့်ဆင့်ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ဒါကြောင့် သူတို့တွေကိုရှေ့လျှောက်ဖမ်းဆီးအရေးယူဖို့ ဆက်လုပ်မှာပေါ့နော်။ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝအားပေးအားမြှောက်မပြုဖို့ပေါ့နော် ဒါကိုတော့ သတိပေးလိုတာပေါ့။ အဲဒီတော့ ရွေးကောက်ပွဲအဖွဲ့ဝင်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ဆက်ပြီးအရေးယူသွားမှာပါ” လို့ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။
ရွေးကော်အဖွဲ့ဝင် သက်ဝေဆိုသူကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့ စလင်းမြို့နယ်တရားရေးအဖွဲ့က တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါအပြင် ၎င်းကိုNUG စလင်းမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးနေတဲ့မှတ်တမ်းဓါတ်ပုံကိုလည်းထုတ်ပြန်ထားပါတယ်။
စလင်းမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူကလည်း “ အတုအယောင်ရွေးကောက်ပွဲ တားဆီးရေးစီမံချက်အရ ပါ။ပဏာမအနေနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နဲ့ အမှုဖွင့်ပြီး ရမန် ပေးထားပါတယ်” လို့ လူထုနွေဦးကို ပြောပါတယ်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သက်ဝေထွန်းကို စလင်းမြို့နယ် ရဲ့ စစ်ကောင်စီထိန်းချုပ်ရာ နေရာနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးရာ နေရာ နှစ်ခု ကြားမှာဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
“ မဲရုံတိုင်း ရွေးကောက်ပွဲ မကျင်းပ နိုင်အောင်ကြိုး စားမယ်” လို့ စလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက စလင်းမြို့နယ်မှာ ရွေးကောက်ပွဲကို ၂၉ အုပ်စု ခွဲ ပြီး မဲရုံ၅၂ ရုံ နဲ့ ဒီဇင်ဘာ ၂၈ ရက်ကစပြီး ပြုလုပ်မယ်လို့သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ရုံးက အကြီးတန်းစာရေးဖြစ်သူ ၊ မြို့သစ်မြို့၊ မကျီးကုန်းလေးကျေးရွာနေ မင်းသူဆိုသူကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ရင်း(၉၀၃)ကနိုဝင်ဘာ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။
သူ့ကို မိသားစုနဲ့လည်း ဆက်သွယ်ခွင့်ပေးခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ရင်း(၉၀၃)က အသိပေးပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အတွက် ပူးပေါင်းပါဝင်သူတွေကို အရေးယူသွားမယ်လို့ နတ်မောက်ဂဠုန် PDF တပ်ရင်း(၉၀၃)က သတိပေးထားပါတယ်။
ဒါအပြင်ပျော်ဘွယ်မြို့နယ်မှာ စစ်ကောင်စီရွေးကောက်ပွဲအတွက် အလုပ်လုပ်ပေးနေတဲ့ ရပ်ကျေးဥက္ကဌတစ်ဦးပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
















































