နိုဝင်ဘာ-၁၅၊ ၂၀၂၅။ဇေအောင်/People’s Spring
မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ ကြေးနီတင်ယာဥ်တွေကို လုံခြုံရေးလုပ်ပေးတဲ့ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံလိုက်ရပါတယ်။
မနေ့က နိုဝင်ဘာ ၁၄ ရက် မနက် ၉နာရီခန့်က မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့ ဝမ်ပေါင်ကုမ္ပဏီကနေ ထွက်လာတဲ့ ကြေးနီတင်တွဲကား ၂၂ စီးနဲ့ စစ်ကောင်စီတပ်ယာဉ် ၈ စီးကို မုံရွာမြို့နယ်က မုံရွာ-မန္တလေးလမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း MONYWA DYNAMITE .STF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် တွဲကားတွေဟာ ခင်မွန်ဘက်စုံခြံအနီးမှာ ထိုးရပ်သွားပြီး လက်နက်ငယ်တွေနဲ့ပါ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ အဲဒီတိုက်ခိုက််မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၃ဦးဒဏ်ရာရတယ်လို့ မျက်မြင်ပြည်သူတွေစကားကို ကိုးကားကာ MONYWA DYNAMITE .STF အဖွဲ့က ထုတ်ပြန်ပါတယ်။

Public Service Announcement
“ ၁နာရီကျော်လောက် ရပ်တန့်ပြီး ချောင်းဦးဘက်မောင်းသွားတယ်။ ထိခိုက်သေဆုံးသူတွေကို မုံရွာဘက်ကနေကျန်းမာရေးယဥ်နဲ့လာသယ်သွားတယ်။” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ကာကွယ်ရေးရဲဘော်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို BHARE HEART ARMY-BHA မှဦးဆာင်ပြီး CHINDWIN FIGHTER GROUP.CFG၊ MONYWA DYNAMITE .STF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဥ်တွေ တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်က မုံရွေးတိုးဂိတ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူခဲ့လို့ မုံရွေးရွာထဲ လက်နက်ကြီးကျပြီး ပြည်သူထိခိုက်တာတွေ၊ နေအိမ်မီးလောင်တာတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မုံရွာ-မန္တလေးလမ်းလည်း နေ့လယ်ပိုင်းအထိ ယာယီပိတ်ထားခဲ့ပါသေးတယ်။
















































