Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုနဲ့ ဘောလခဲမှာ တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ် ဖရူဆိုနဲ့ ဘောလခဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

ဖရူဆို-ဘောလခဲ လမ်းပိုင်းကာကွယ်နေတဲ့ KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF

နိုဝင်ဘာ-၁၆၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ် ဖရူဆိုနဲ့ ဘောလခဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကိုခုခံနေတဲ့ ကရင်နီတပ်ပေါင်းစုတွေနဲ့ မာခရော့ရှည်ကျေးရွာ အနီးတဝိုက်မှာ နေ့စဥ်ထိတွေ့မှုဖြစ်နေတာလို့ ဆိုပါတယ်။

“ဘောလခဲအစပ်ပဲ ပြောရမယ်။ နေ့စဥ်ထိတွေ့မှုရှိတယ်။ထိတွေ့မှုက ပြင်းထန်တယ်”လို့ ကရင်နီကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်အနေနဲ့ ဖရူဆို-ဘောလခဲလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ မအောင်မြင်သေးဘူးလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“တိုက်ပွဲတွေက မိုးဗြဲဘက်ရော ၊ဖယ်ခုံဘက်မှာပါ ရှိတယ်။ဒါပေမယ့် ဘောလခဲမှာတော့ ဆက်တိုက် အခြေအနေပဲ။နောက်တစ်ခုက နန်းမယ်ခုံမြို့ ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတယ်”လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ဒေါးငံခါးနဲ့ ပတိုငံကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဆက်တိုက် တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်၊ဖရူဆို- ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်နေလို့ အဲဒီလမ်းမကြီးကို နိုဝင်ဘာ ၆ရက်ကစပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ပိတ်ထားပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်၊ မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ