နိုဝင်ဘာ-၁၆၊၂၀၂၅။အိမ်သွင်/People’s Spring
လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ ဖိအားပေးနေလို့ နှစ်ဖက်ဆက်ဆံရေးတင်းမာနေချိန်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေထဲက ၂၀၀ ကျော်ကို MNDAAက စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။
နိုဝင်ဘာလ၁၅ရက်နေ့မနက်ပိုင်းမှာMNDAA အရာရှိတချို့ကဦးဆောင်ပြီး ပြန်လွှဲပေးလိုက်တာလို့ လားရှိုးမြို့ခံသတင်းရင်းမြစ်ကပြောပါတယ်။
“ သံတမန်ရေးအရလွှတ်ပေးတာ။ဘောင်တော့ ကျော်မလာနဲ့လို့လည်း မက်ဆေ့ပေးတာ။ အခု ကိုးကန့်တပ်တွေကို ပြန်ဆုတ်ခိုင်းတာက အခြေအနေကိုပိုတင်းမာစေတယ်။ကိုးကန့်က လုံးဝလက်ခံမှာမဟုတ်ဘူး” လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
လားရှိုးမြို့ကနေမန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့သီပေါမြို့မရောက်ခင် နောင်မွန် နဲ့ တန့်ယန်း၊မိုင်းရယ်မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAA တပ်စွဲထားတဲ့နေရာတွေကနေ စစ်ကောင်စီကပြန်ဆုတ်ခွာခိုင်းတာကနေ နှစ်ဖက်ဆက်ဆံရေးတင်းမာနေတာပါ။
နိုဝင်ဘာလ ၁၁ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာစစ်အုပ်စုရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကMNDAAကိုယ်စားလှယ်အဖွဲ့ကိုတောင်းဆိုခဲ့တာဖြစ်ပြီး အဆင်မပြေခဲ့ဘဲဆွေးနွေးပွဲပျက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း MNDAAကအင်အားတိုးချထားခဲ့သလိုပြည်ထောင်စုလမ်းမပေါ်ကသီပေါတံတားကိုလည်းစစ်တပ်နဲ့ MNDAAက သဲအိတ်တွေနဲ့ အပြန်အလှန်ပိတ်ထားခဲ့ကြပါတယ်။
နိုဝင်ဘာလ၁၆ရက်နေ့အထိ ပြန်မဖွင့်သေးဘဲ ပိတ်မိနေတဲ့ကားတွေက ရှောင်ကွင်းလမ်းတွေကနေသွားလာနေတယ်လို့သိရပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်လို့ MNDAAကရော စစ်ကောင်စီကပါသတင်းမထုတ်ပြန်သေးပါဘူး။
ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ရက် နေ့ကလည်း၁၀၂၇ စစ်ဆင်ရေးကာလက ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၄)လက်အောက်ခံတပ်ရင်း ခလရ(၂၇၇)က ဗိုလ်မှူး ကျော်ဇေယျ၊စကခ(၁)က ဗိုလ်မှူး အောင်မြင့်ထူးအပါအဝင် သုံးပန့် ၄၅ဦးကို MNDAA ကပြန်လွှတ်ပေးခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီလ ၅ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊အခြားအဆင့် ၁,၈၉၅ဦးကိုဖမ်းပြီးတပတ်ခန့်အကြာမှာMNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းတဲ့တိုက်ပွဲမှာလည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁)ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်ကောင်စီပြန်လွှဲပေးခဲ့ပါတယ်။
ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာ အခုအခါမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ယူထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၆ရက်နေ့ညက မုံရွာနဲ့ ချောင်းဦးမြို့ကြားက ထုံးဘိုရွာကို ပါတာမော်တာနဲ့ဗုံးကြဲတာမှာ ကလေးငယ်တွေအပါအဝင် အရပ်သား၃၀ကျော်သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို အဓိကအမိန့်ပေးသူလို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
စစ်တပ်ဟာ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့ကို ပြီးခဲ့တဲ့ အောင်တိုဘာလမှာ ပြန်သိမ်းယူပြီးနောက်ပိုင်း မန္တလေး-မူဆယ်ပြည်ထောင်စုလမ်း၊ လားရှိုးနဲ့ သီပေါလမ်းပိုင်း ပတ်ဝန်းကျင်က MNDAA စခန်းတွေကို ဆုတ်ခွာဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။
MNDAAဟာ ၂၀၂၃အောက်တိုဘာလ၂၇ရက်မှာတွင် ညီနောင်မဟာမိတ်ဖြစ်တဲ့AAနဲ့ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ပန်ဆိုင်းမြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။
သိမ်းယူထားတဲ့ မြို့ တွေမှာ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေစဉ်တရုတ်အစိုးရရရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့အပစ်ရပ်ထားသလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။သိန္နီမြို့ကိုပြန်ပေးဖို့စစ်တပ်က ဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြာပြီဖြစ်ပေမယ့် မြေပြင်မှာတော့ MNDAA က အုပ်ချုပ်ရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်နေပါတယ် ။
စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ ဗျူဟာကျကျနားလည်နေဖို့ MNDAA ကအောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။


















































