နိုဝင်ဘာ-၁၆၊ ၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် အမှတ်(၂၅၆)ခြေလျင်တပ်ရင်း(ခလရ-၂၅၆)က စစ်ကောင်စီတပ်သားတစ်ဦး ဂိတ်အစောင့်ကျချိန် အတူကျတပ်ကြပ်ကြီးရဲ့လက်နက်ယူပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာကြောင်း သတင်းရရှိပါတယ်။
နိုဝင်ဘာ ၁၅ ရက် ည ၇နာရီခန့်က လုံခြုံရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားဟိန်းထက်လင်းဟာ ၎င်းကိုင်ဆောင်တဲ့ MA1 လက်နက်အပြင် အတူတာဝန်ကျနေတဲ့ တပ်ကြပ်ကြီးတစ်ဦးရဲ့ MA3လက်နက်ကိုပါ ယူဆောင်ပြီး အလင်းဝင်လာကြောင်း ရေစကြိုပကဖက သတင်းထုတ်ပြန်ပါတယ်။
“သူက ဒီကောင်တွေ(စစ်ကောင်စီတပ်)ရဲ့လုပ်ရပ်ကို မကြိုက်လို့ပေါ့။ အရင်ကလည်းထွက်ပြေးဖူးတယ်။ ပြန်မိတာ။ အခုတော့ ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်ပြီး ဝင်လာတာပါ။”လို့ ရေစကြိုပကဖက ရဲဘော်ဝေကြီးက ပြောပါတယ်။

Public Service Announcement
အဲဒီစစ်သားကို ကြိုတင်အချိတ်အဆက်လုပ်ပြီး သွားရောက်ခေါ်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ရေစကြိုပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အလင်းဝင် စစ်သားကို ဆုကြေးအဖြစ် ကျပ်သိန်း(၅၀)ချီးမြင့်ပြီး လုံခြုံတဲ့နေရာမှာ ထားရှိထားပြီး သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီမှ နိုဝင်ဘာပထမပတ်အထိ စစ်ကောင်စီတပ်သား အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း၂၂၇၇ ဦးထိရှိခဲ့ကြောင်း သိရပါတယ်။


















































