Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်အပါအဝင်ရာဇဝတ်ဂိုဏ်းတွေရဲ့အမြင့်ဆုံး ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ NUG တိုက်တွန်း

မြန်မာမှကျားဖြန့်အပါအဝင်ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့နဲ့ လူကုန်ကူး ခံရသူတွေကို ကယ်တင်ဖို့ ၊လိမ်လည်ခံရသူတွေရဲ့ ငွေကြေးပြန်လည်ရရှိဖို့ နိုင်ငံတကာအနေနဲ့ အရှိန်မြင့်ကြိုးပမ်းဖို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်တောင်းဆိုပါတယ်။

ကျားဖြန့်လုပ်ငန်း နာမည်ကြီးတဲ့​ရွှေကုက္ကိုမြို့သစ်ကို ​ညအချိန် ထိုင်းနယ်စပ်မှ​တွေ့ရစဥ်

■နယ်စပ်ဖြတ်​ကျော် ရာဇဝတ်မှု​တွေနှိမ်နင်း​ရေးမှာ

NUGရဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုဆိုင်ရာအလုပ်အဖွဲ့နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီပံ့ပိုးတဲ့အပိုင်းမှာပါဝင်လျက်ရှိတယ်လို့ဆို

နိုဝင်ဘာ-၁၆၊၂၀၂၅။အိမ်သွင်/People’s Spring

မြန်မာမှကျားဖြန့်အပါအဝင်ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့နဲ့ လူကုန်ကူး ခံရသူတွေကို ကယ်တင်ဖို့ ၊လိမ်လည်ခံရသူတွေရဲ့ ငွေကြေးပြန်လည်ရရှိဖို့ နိုင်ငံတကာအနေနဲ့ အရှိန်မြင့်ကြိုးပမ်းဖို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျားဖြန့်ဂိုဏ်းတွေကို နှိမ့်နင်းဖို့အမေရိကန်နဲ့တရုတ်နိုင်ငံတို့က အရှိန်မြင့်လာချိန်မှာ NUG အစိုးရက ထုတ်ပြန်တောင်းဆိုတာ ဖြစ်ပါတယ်။

ဒါအပြင် NUGအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု​တွေကို နှိမ်နင်းအမြစ်ဖြတ်ဖို့၊ ထိခိုက်နစ်နာသူ​တွေကို ပံ့ပိုးကူညီနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (ERO)၊ ကြားဖြတ် မိတ်ဖက်အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များ၊ အခြားသက် ဆိုင်ရာ အဖွဲ့များနဲ့အတူ ညှိနှိုင်းဆောင်ရွက်သွားရန် ကတိကဝတ်ကို ဆက်လက်ကျင့်သုံး သွားပါမယ်လို့လည်း ဆိုပါတယ်။

NUGရဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုဆိုင်ရာအလုပ်အဖွဲ့နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီပံ့ပိုးတဲ့အပိုင်းမှာပါဝင်လျက်ရှိတယ်ဆိုတဲ့ အချက်အပါအဝင် အဓိကအချက် ၈ချက် ပါဝင်တဲ့ ထုတ်ပြန်ချက်ကို နိုဝင်ဘာလ၁၅ရက်ညထုတ်ပြန်တာဖြစ်ပါတယ်။

အ​သေးစိပ်ကို NUG ကတာ​ဝန်ရှိသူ​တွေကို ဆက်သွယ်​မေးမြန်းဖို့ People’s Spring ကကြိုးစား​နေဆဲဖြစ်ပါတယ် ။

အရှေ့တောင်အာရှက ဆိုက်ဘာလိမ်လည်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ အပြစ်မဲ့သူများထံမှ တစ်နှစ်လျှင် ဒေါ်လာ ၆၅ ဘီလီယံခန့် လိမ်လည်လှည့်ဖြားနေပြီး မြန်မာနိုင်ငံသား ၁၂၀,၀၀၀ဟာ အွန်လိုင်း လိမ်လည်မှုများ လုပ်ဆောင်ရန် ဖိအားပေး ထိန်းသိမ်းခံနေရတယ်လို့ အသိပေးထားပါတယ်။

မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းတို့ကွပ်ကဲမှုအောက်က နယ်ခြားစောင့်တပ် တွေ၊ မဟာမိတ် ပြည်သူ့စစ်အဖွဲ့တွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေဟာ အထက်ပါလိမ်လည်မှုတွေကနေ အကျိုးခံစားခွင့်များကို ရရှိနေတယ်လို့ ဆိုပါတယ်။အဲဒီငွေတွေနဲ့ ရာဇ၀တ်မှုတွေက မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မီးလောင်ရာလေပင့် ဖြစ်စေတယ်လို့ အသိပေးထားပါတယ်။

ကျားဖြန့်ဂိုဏ်းတွေကိုနှိမ်နင်းရေးအတွက် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံ‌တွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအားလုံး၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်းနဲ့ ရာဇဝတ်ဂိုဏ်းများရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူများကို ပစ်မှတ်ထား တိုက်ခိုက်ဖို့လည်း တောင်းဆိုထားပါတယ်။ရာဇ၀တ်မှုတွေ ရပ်တန့်ဖို့၊ လိမ်လည်ခံရသူတွေရဲ့ ငွေကြေး တွေ ပြန်လည်ရရှိဖို့နဲ့ လူကုန်ကူး ခံရသူတွေအတွက် လူ့အခွင့်အရေး အလေးထားပြီး နေရပ်ဆီ ပြန်လည်ပို့ဆောင်နိုင်ဖို့ နိုင်ငံတကာက တိုးမြှင့်ကြိုးပမ်းမှုတွေလိုအပ်တယ်လို့လည်းတောင်းဆိုထားပါတယ်။

ကျားဖြန့်နဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ့်နင်းခြင်းဟာ မြန်မာနိုင်ငံအပြင် ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းဖို့အထောက်အကူဖြစ်လိမ့်မယ်လို့အသိပေးထားပါတယ်။ ရာဇဝတ်မှုတွေကနေ မြန်မာစစ်တပ်ရရှိနေတဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ပြီး အဲဒီငွေတွေနဲ့ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေအဆုံးသတ်ရေး၊ လိမ်လည်ခံရသူတွေတရားမျှတမှုရရှိစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲသွားမယ်လို့ NUG အစိုးရက ကတိပြုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေကို နှိမ်နင်းအမြစ်ဖြတ်ဖို့နဲ့ ထိခိုက်သူတွေကို ပံ့ပိုးကူညီဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (ERO)၊ ကြားဖြတ် မိတ်ဖက်အုပ်ချုပ်ရေး အဖွဲ့အစည်း‌တွေ၊နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အခြားသက်ဆိုင်ရာအဖွဲ့တွေနဲ့ အတူ ညှိနှိုင်းဆောင်ရွက်သွားဖို့ ကတိကဝတ်ကိုလည်း ဆက်လက်ကျင့်သုံး သွားမယ်လို့ ဆိုပါတယ်။

ကျားဖြန့်အွန်လိုင်းလိမ်လည်မှုတွေကို ဖြိုခွင်းဖို့ဆိုပြီး အမေရိကန်နိုင်ငံကလည်းအရှိန်မြှင့်လာသလို တရုတ်အစိုးကလည်း မဲခေါင်၆နိုင်ငံပါဝင်တဲ့အစည်းဝေးကို ယခုရက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတွေဆီကနေ ဘီလျံနဲ့ချီတဲ့ ငွေတွေခိုးယူခဲ့တဲ့အရှေ့တောင်အာရှနိုင်ငံတွေကအွန်လိုင်းလိမ်လည်တဲ့ ဂိုဏ်းတွေကို ဖြိုခွင်းဖို့Scam Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်း အမေရိကန်က နိုဝင်ဘာလ၁၂ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။Scam Center Strike Force မှာ တရားရေးဌာန၊ လျှို့ဝှက်အေဂျင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ FBIလည်း ပါဝင်ပါတယ်။

တရုတ်အစိုးရကလည်း အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆိုပြီး တရုတ်၊မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံပါဝင်တဲ့ အစည်းအဝေးကို တရုတ်နိုင်ငံ ကူမင်းမြို့မှာနိုဝင်ဘာ (၁၄) ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook