နိုဝင်ဘာ-၁၆၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က စစ်ကောင်စီဂိတ်စခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကာ ဂိတ်စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိပါတယ်။
နို၀င်ဘာ ၁၃ရက် မနက်၆နာရီ ၁၅မိနစ်ခန့်က မြင်းခြံမြို့နယ်၊ မြင်းခြံ-တလုပ်လမ်းပေါ်မှာရှိတဲ့ ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ထနောင်းမြေစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၁၅ ဦးထက်မနည်းရှိတဲ့ အဲဒီစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးချ စတင်တိုက်ခိုက်ပြီးနောက် မြေပြင်ကနေ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဂိတ်စခန်းထဲထိ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းရဲ့တာဝန်ခံက ပြောပါတယ်။

Public Service Announcement
“ လက်နက်တော့မရဘူး။ စခန်းတော့ သိမ်းလိုက်နိုင်တယ်။ စစ်ကူးကားက တန်းရောက်လာတာမို့လို့။ ပတ်ပတ်လည်ကလည်း သူတို့ရွာတွေချည့်ပဲ။ ကျနော်တို့က အထဲကိုဝင်နှိုက်ရတာဆိုတော့။” လို့ ၎င်းတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကာ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ဂိတ်ကို ရှင်းလင်းရေး ၀င်ချိန်မှာ မြင်းခြံမြို့ကနေ တပ်ကူစစ်ကားတွေ ရောက်လာလို့ ဆုတ်ခွာခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက အသိပေးပါတယ်။
အဲဒီစစ်ဆင်ရေးကို JUSTICE WARRIORSတပ်ဖွဲ့၊ မဟာမိတ် Droneတပ်ဖွဲ့တွေဖြစ်တဲ့ M.D.F Myaung Drone ကျားခင်စိန်တပ်ဖွဲ့၊ Revolutionary Air Force၊ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း လက်ရုံးတပ် 925ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်)၊ Peacock Drone Teamတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ကလည်း ၎င်းတို့စိုးမိုးထားတဲ့ မြင်းခြံမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲနေပြီး နိုဝင်ဘာလပထမလဝက်အတွင်း လူငယအများအပြား ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။
















































