နိုဝင်ဘာ-၁၇၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်နေတဲ့ ကြံ့ဖွံ့ပါတီရုံးကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိတယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“သူတို့ကင်းတဲမှာ စားသောက်နေချိန်လုပ်ခဲ့တာပါ။စခ(စစ်ကောင်စီတပ်သား) ၂၊ ပြည်သူ့စစ် ၂ထိခိုက်တယ်လို့ မြေပြင်သတင်းရပါတယ်”လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၆ရက် ည ၁၀နာရီခန့်မှာ လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် ရဲဘော်တွေအားလုံး ဘေးကင်းတယ်လို့ မြို့ပြကြွက်က ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီက ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ အကြမ်းဖက်သွေး စွန်းရာဇဝတ်မှုတွေ တရားဝင်ဖြစ်စေဖို့ ရွေးကောက်ပွဲကို အယောင်ပြလုပ်ဆောင်နေတာကို မြို့ပြကြွက်အနေနဲ့ ကန့်ကွက်သွားမှာဖြစ်ပြီး ပြည်သူတွေကိုမတရားဖမ်းဆီးနေတဲ့ စစ်မှုထမ်းအတွက်လည်း လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
“အခုက UG Missionတွေအတွက် Information ရရှိမှုအပိုင်းအရမ်းအားနည်းလာပါတယ်။ အဲဒါကြောင့် ပြည်သူတွေကို သတင်းပေးစေချင်တာပါ။ ၂၀၁၁၊၂၀၂၂ ဝန်းကျင်းကလိုမျိုး ပြည်သူတွေ တတ်ကြွစွာနဲ့ ပြန်လည်ပါဝင်စေချင်တာပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ မြို့ပြကြွက်အဖွဲ့ကို ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေအပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သတင်းတွေ ၊ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လေယာဉ်မှူးတွေ အရာရှိတွေရဲ့ သတင်းအချက်အလက်တွေပေးပို့ဖို့ တောင်းဆိုထားပါတယ်။
မှော်ဘီမြို့တနေရာမှာ ယမန်နေ့(နိုဝင်ဘာ ၁၆ရက်)ညက ပေါက်ကွဲသံ သုံးကြိမ်ခန့်ကြားရတယ်လို့ ဒေသခံကသတင်းပေးပို့ကြောင်း ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Hlaing Info ရဲ့ တယ်လီဂရန်ချန်နယ်မှာ ယမန်နေ့ည ၁၁နာရီခွဲမှာ ဖော်ပြထားပါတယ်။


















































