Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နိုင်ငံတကာ အစိုးရတွေကို HRW တောင်းဆို

နိုင်ငံတကာ အစိုးရတွေ အနေနဲ့ စစ်ကောင်စီက ခြယ်လှယ်ပြီး နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တန်ကြဖို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

စစ်တပ်​ကျော​ထောက်​နောက်ခံ​ပေးထားတဲ့ ကြံ့ဖွံ့ပါတီ​ကြော်ညာဆိုင်းဘုတ်ကို ​အောက်တိုဘာ လကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-Getty Images

နိုဝင်ဘာ-၄၊၂၀၂၅။People’s Spring

နိုင်ငံတကာ အစိုးရတွေ အနေနဲ့ စစ်ကောင်စီက ခြယ်လှယ်ပြီး နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တန်ကြဖို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းတွေခွဲပြီး ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ အဲဒီ ရွေးကောက်ပွဲတွေဟာ လွတ်လပ်တဲ့၊ မျှတတဲ့၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ စံတန်ဖိုးတွေ ကင်းမဲ့နေတယ်လို့ HRWက ဆိုပါတယ်။

HRWရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန် ကတည်းက ဒီမိုကရေစီ စနစ်ဟာ ဆိုးဆိုးရွားရွား ဖြိုချ ဖျက်ဆီး ခံခဲ့ရပြီး အဓမ္မ ဖိနှိပ် ဖမ်းဆီးမှုတွေ တိုးလာတာ၊ အကြမ်းဖက် ရန်လိုမှုတွေ မြင့်တက်လာတာကို နိုင်ငံအနှံ့မှာ တွေ့ကြုံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လက်နက်ကိုင် တော်လှန်ရေးတွေ နိုင်ငံတစ်ဝန်း အားကောင်းနေချိန်မှာ စစ်တပ်ဟာ ဒီဇင်ဘာ ၂၈ ရက်နဲ့ ဇန်နဝါရီ ၁ ရက်နေ့တွေကျရင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်သတ်မှတ် ကြေညာခဲ့ပါတယ်။ဒါပေမဲ့အဲဒီ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီ အများအပြားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ် ပိတ်ပင်ထားသလို ဒီမိုကရေစီ ခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၃၀၀၀၀ ဝန်းကျင်ကိုလည်း စစ်တပ်က အဓမ္မ ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို အကာအကွယ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအောက်မှာဖမ်းဆီးစွဲချက်တင်ခံရသူ အရေအတွက်ကတင် ၁၀၀ လောက်ထိ မြင့်တက်လာပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်က ခုခံစစ် ဆင်နွှဲနေမှုတွေကြောင့် နိုင်ငံရဲ့ မြို့အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်တာကိုဝန်ခံထားကြောင်းလည်းHRWက ထောက်ပြခဲ့ပါတယ်။ဒီအခြေအနေတွေအရ စစ်ကောင်စီဟာ ယုံကြည်ထိုက်တဲ့၊ သမာသမတ်ကျတဲ့ရွေးကောက်ပွဲမျိုး ဦးဆောင်ကျင်းပနိုင်စွမ်းမရှိတာသိသာစေတယ်လို့ HRWက ဆိုပါတယ်။

HRWရဲ အာရှရေးရာဒါရိုက်တာအီလိန်း ပီယာဆန်ကတော့ စစ်ကောင်စီ ဦးဆောင်မယ့် ရွေးကောက်ပွဲကို ‘အတုအယောင်’လို့ အတိအလင်း စွပ်စွဲခဲ့ပြီး အာဏာသိမ်း စစ်တပ်ဟာ ပြည်သူလူထုအပေါ် ၅ နှစ်လောက် ဖိနှိပ်ညှင်းဆဲပြီးတဲ့နောက်မှ နိုင်ငံ
တကာရဲ့ တရားဝင် အသိအမှတ် ပြုမှုကို အပူ
တပြင်း ရှာဖွေနေတာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

စစ်တပ်ဟာ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေ ကျင်းပဖို့ လုံလောက်တဲ့ နယ်မြေတွေ ထိန်းချုပ်နိုင်စွမ်းလည်း မရှိတော့ဘူးလို့ HRWက ထောက်ပြခဲ့ပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းတုန်းက စစ်ကောင်စီဟာ ရွေးကောက်ပွဲကြို မဲစာရင်းတွေ ကောက်ယူတဲ့အခါ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၁၄၅ ခုကိုသာ လွှမ်းခြုံနိုင်ခဲ့ပါတော့တယ်။

HRWက စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုဆန္ဒနဲ့အညီ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဖယ်ရှား အာဏာ
သိမ်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေကို ဖမ်း
ဆီးပြီးတဲ့နောက်စစ်တပ်အလိုတော်ရိ ပြည်ထောင်
စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP)ကို အာ
ဏာရ အစုအဖွဲ့ ဖြစ်လာအောင် ကူညီပေးနေတယ်လို့လည်း ထောက်ပြထားပါတယ်။

စစ်တပ်က အောက်တိုဘာ ၂၈ ရက်နေ့ထိ ပါတီတွေ မဲဆွယ်လှုပ်ရှားတာမျိုး မလုပ်ဖို့ တားမြစ်ထားပေမယ့်လည်း USDPကတော့ အဲဒီမတိုင်ခင် ကတည်းက စတင် လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ မလေးရှားမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး ညီလာခံမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်းမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုတဲ့ အကြောင်းရင်းမျိုး သူမမြင်မိဘူးလို့ ပြောဆိုသွားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်ကတော့ ဒီလို ရှုပ်ထွေးလှတဲ့ အခြေအနေမျိုးမှာ ရွေးကောက်ပွဲ လုပ်ချင်တဲ့ စစ်တပ်ရဲ့ အကြံအစည်ကို နားလည်ဖို့ ဉာဏ်မမီတော့ဘူးလို့ အငေါ်တူးခဲ့ပါတယ်။

အာဆီယံက မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ရွေးကောက်ပွဲတစ်ခု မကျင်းပခင် နိုင်ငံရေး ဆွေး
နွေးမှုတွေ အရင်ဆုံး ဖြစ်ထွန်းလာဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပေမယ့် အဖွဲ့ဝင် နိုင်ငံ တစ်ခုချင်းစီ အနေနဲ့တော့ စစ်တပ်ကို ထောက်ခံမလား၊ ဆန့်ကျင်မလားဆိုတဲ့အပေါ် အာဆီယံကဝင်ရောက် ဩဇာပေး စွက်ဖက်လို့ မရပါဘူး။

HRWရဲ့ ပီယာဆန်ကတော့ အာရှနိုင်ငံတွေ၊ အထူး
သဖြင့် မလေးရှားနဲ့ ဂျပန် အစိုးရတွေ အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လက်မခံဖို့၊ တခြားအစိုးရတွေကိုလည်း အလားတူ ဆန့်
ကျင်ကြအောင် တိုက်တွန်းပေးဖို့ တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲကို လက်ခံပေးလိုက်ခြင်းဟာ မြန်မာ့ အကျပ်အတည်းကို ပိုဆိုးရွားသွားစေပြီး စစ်တပ်ကြီးစိုးမှုကို အားဖြည့်ပေးရာ ရောက်လိမ့်မယ်လို့ HRWက သတိပေးသွားပါတယ်။

ကိုးကား-HRW

ဆက်စပ်သတင်းများ