Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ စစ်အုပ်စုအသွင်ပြောင်းအစိုးရပုံစံဖြစ်ပါက လူသတ်ခွင့်ပိုပေးသလိုဖြစ်မယ် လို့ NMSP-ADနဲ့ KNUတာဝန်ရှိသူတွေ သတိပေး

အာဏာသိမ်းစစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကတဆင့် စစ်အုပ်စုအသွင်ပြောင်း အစိုးရပုံစံဖြစ်ပေါ်လာပါက ပြည်သူလူထုကို သတ်ဖြတ်နေတာတွေ ပိုမိုလုပ်ဆောင်ခွင့် ပေးသလိုဖြစ်စေမယ်လို့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူတွေက သတိပေးပြောကြားပါတယ်။

"အစိုးရတု၊ ရွေးကောက်ပွဲတု နှင့် နိုင်ငံရေးလှည့်စားမှု‌ထောင်ချောက်" စကားဝိုင်းဆွေးနွေးပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၁၇၊၂၀၂၅။ပုရစ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကတဆင့် စစ်အုပ်စုအသွင်ပြောင်း အစိုးရပုံစံဖြစ်ပေါ်လာပါက ပြည်သူလူထုကို သတ်ဖြတ်နေတာတွေ ပိုမိုလုပ်ဆောင်ခွင့် ပေးသလိုဖြစ်စေမယ်လို့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူတွေက သတိပေးပြောကြားပါတယ်။

KNU ဒူးပလာယာခရိုင် ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ၊ Power for Change နဲ့ Mon State Development Center (M.S.D.C)တို့က ဦးဆောင်ပြီး အစိုးရတု၊ ရွေးကောက်ပွဲတုနဲ့ နိုင်ငံရေးလှည့်စားမှု‌ ထောင်ချောက်စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို KNU ဗဟို သတင်းပြန်ကြားရေးဌာနက ဒီကနေ့ နိုဝင်ဘာ ၁၆ရက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို KNU ဒူးပလာယာခရိုင်မှ ခရိုင်အမြဲတမ်းကော်မတီဝင် ပဒို‌နော်‌ဖောသေ့ဒေး၊NMSP(AD) မှ နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်ဗညားမွန်၊ K.N.U ဒူးပလာယာခရိုင်၊ဝင်း‌ရေးမြို့နယ်မှ တွဲဖက်အတွင်းရေးမှူး ပဒိုစောဆာ့လော်အဲ့ နဲ့ ကြာအင်းဆိပ်ကြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုညီငယ် တို့ပါဝင်ဆွေးနွေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခု စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပါတီစုံပါဝင်မှုရှိဘဲ အတိုက်အခံပါတီတွေကိုဖယ်ထုတ်ထားတာကိုတွေ့ရသလို တရားမျှတမှုနဲ့ လွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲ ဖြစ်နေတယ်လို့ ပဒိုစောဆာ့လော်အဲ့က ဆွေးနွေးပြီး ဒါဟာ လူထုကို စမ်းသပ်နေတာလို့လည်း ပြောပါတယ်။

“အကြမ်းဖက်လုပ်ရပ်တွေကို သိသိသာသာထင်ရှားနေတဲ့အခါမှာ ကာလကာ အမဲကို ကာလကာ အဖြူနဲ့ ပြန်ပြီးတော့ ဖုံးအုပ်မယ့်အဖြစ်မျိုးကို ထင်ထင်ရှားရှားနဲ့ မျက်မြင်တွေ့နေရတာဖြစ်တယ်” လို့ ပဒိုစောဆာ့လော်အဲ့က ပြောကြားပြီး စစ်အုပ်စုက ရွေးကောက်ပွဲလုပ်ပြီး သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ဗုံးကွယ်ဖို့ ကြိုးပမ်းနေတဲ့လုပ်ရပ်ကို ပြောပါတယ်။

NMSP-ADတာဝန်ရှိသူတဦးဖြစ်တဲ့ နိုင်ဗညားမွန်ကလည်း စစ်ကောင်စီက ဘာကြောင့် ရွေးကောက်ပွဲလုပ်ရတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။

စစ်တပ်ဟာ လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကုန်လုံး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားဖို့ ရွေးကောက်ပွဲ ကျင်းပတာဖြစ်ပြီး လက်ရှိအကြပ်အတည်းကို ကျော်လွှားဖို့ စဉ်းစားတာ၊ အာဏာကို ဆက်ထိန်းချုပ်ရာမှာ တရားဝင်ဖြစ်ဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

စစ်ရေးမှာ သိသာစွာ ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ အကြပ်အတည်းနက်ရှိုင်းလာတာ ကျော်လွှားဖို့ ထိုးစစ်ဆင်ပြ နေကြောင်း ပြောပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ အဓမ္မ စစ်သားစုဆောင်းပြီး ထိုးစစ်ဆင်တာ၊ တရုတ်အကူအညီနဲ့ အပစ်ရပ်စဲရေးလုပ်ပြီးအခြားတဖက်ကို ထိုးစစ်ဆင်နိုင်တယ်ဆိုတဲ့ အနေအထားကို ဝါဒဖြန့်နေတာလို့ နိုင်ဗညားမွန်က ဆွေးနွေးပါတယ်။ ဒါပေမဲ့ နေရာကွက်ပြီးသာ ထိုးစစ်ဆင်နေတာတွေ့ရမှာ ဖြစ်တယ်လို့ နိုင်ဗညားမွန်က ထောက်ပြပြီး စစ်တပ်က အောင်မြင်နေသယောင် ဝါဒဖြန့်နေတယ်လို့လည်း ပြောပါတယ်။

“ သူတို့က အာဏာသိမ်းထားတဲ့ အုပ်စုဖြစ်တယ်။ အဲဒီကနေ တရားဝင် အစိုးရ ပုံစံမျိုးဖန်တီးမယ်” လို့ နိုင်ဗညားမွန်က ပြောပါတယ်။

ရွေးကောက်ပွဲဟာ မတရားတာ၊ လိမ်တာ၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တာ အားလုံးအသိဖြစ်တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲကနေ ထွက်လာရင် လူသတ်ခွင့်လိုင်စင်ပေါ့ အခုတောင်မှ နေရာတကာတိုင်းမှာ ဗုံးကြဲ နေတာ။ လူထုကို သတ်ဖြတ်နေတယ်။ အဓိကအချက်သည် သေနတ်၊ သေနတ်ချင်း လက်နက် လက်နက်ချင်း တိုက်တဲ့ တော်လှန်ရေးအဖွဲ့တွေကို ပစ်မှတ်မလုပ်ဘဲ လူထုကို လုပ်တာ။ ပိုဆိုးတာက ကလေးတွေ စာသင်ကျောင်းကို ဗုံးကြဲတဲ့ကိစ္စ။ ဒါလူထုကို အကြောက်တရားပေးတာ၊ ရက်စက်စွာနဲ့ လူသတ်နေတာဖြစ်တယ်”လို့ နိုင်ဗညားမွန်က ပြောပါတယ်။

အကယ်၍သာ တရားဝင်အစိုးရပုံစံပြောင်းလို့ရှိရင်လည်း စစ်အုပ်စုဟာ သူ့ရဲ့ ပြည်သူအပေါ် အကြမ်းဖက်မှု ပုံစံပြောင်းလဲမှာမဟုတ်ဘဲ ပိုဆိုးလာမယ်လို့ သတိပေးပါတယ်။

“ရွေးကောက်ပွဲပြီးရင် တကယ်လို့ လာမယ့် နောက်ထပ် စစ်အုပ်စုအသွင်ပြောင်း အစိုးရ ပုံစံတခုက ဒီထက်ပိုပြီး လူသတ်ခွင့်ကို ပိုပေးလိုက်သလိုပဲ”လို့ နိုင်ဗညားမွန်က ပြောပါတယ်။

စစ်အုပ်စုကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲက ပဋိပက္ခကိုပိုကြာစေနိုင်ပြီးပိုပြီးတော့ ရှုပ်ထွေးစေနိုင်ကြောင်းလည်း နိုင်ဗညားမွန်က ဆွေးနွေးပါတယ်။

KNUအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်တာကို နည်းမျိုးစုံနဲ့ ဖော်ပြနေတာဖြစ်ပြီး အခုလို စကား၀ိုင်းဆွေးနွေးပွဲတွေ အရင်ကလည်း ကျင်းပခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ