နိုဝင်ဘာ ၁၇၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အမျိုးသားလေးဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
သူတို့လေးဦးဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်ကကန့်ဘလူမြို့နယ်၊ဘူးကုန်းစစ်ကောင်စီအထိုင်ဂိတ်မှာ အောက်တိုဘာ ၃၀ ရက်က နေ နိုဝင်ဘာ ၈ ရက်နေ့အတွင်း ဖမ်းဆီးခံခဲ့ရတဲ့သူတွေ လို့ ဆိုပါတယ်။
“ ၁၀ရက်နေ့ညက ထွက်ပြေးလာတာ၁၃ရက်နေ့မှ တော်လှန်ရေးအဖွဲ့အစည်းတွေဆီရောက်လာတာ” လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ဒါ့အပြင်လွတ်မြောက်လာသူတွေနဲ့၎င်းတို့ မိသားစုတွေကို ချိတ်ဆက်ပြီး ပို့ဆောင်ပေးဖို့လုပ်နေတယ်လို့လည်း ၎င်းက အသိပေးပါတယ်။
“ ကျွန်တော်တို့ လေးယောက်က တစ်ရက်တည်း ဖမ်းခံကြရတာမဟုတ်ဘူးဗျ၊ဖမ်းခံရတဲ့ရက်မတူကြဘူးတချို့ကရွှေမျောလုပ်ဖို့သွားတာ။ကျွန်တော်က မုံရွာမြို့နယ်၊ချမ်းသာကျွန်းရွာကပါ။မြစ်ကြီးနားဘက် ငှက်ပျောခြံအလုပ်သွားလုပ်မလို့ စံရတီ(မုံရွာ-မြစ်ကြီးနား) အန်စာတုံးကားစီးလာတာကနေ အောက်တိုဘာ ၃၀ ရက်နေ့က ဘူးကုန်းဂိတ်မှာ စစ်ဆေးဖို့ဆိုပြီး ခြောက်ပေါက်ချဖမ်းခံရတာ၊၄ရက်လောက် ခြောက်ပေါက်ချပြီး နိုဝင်ဘာ ၃ ရက်နေ့ကမှ ၆ဘီးကားနဲ့ ပို့တာ အားလုံးပေါင်း ကားပေါ်မှာ ပေါ်တာဆွဲဖမ်းထားတာ ၂၀ ကျော်ပါတယ်” လို့ လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။
ရွှေဘို-မြစ်ကြီးနာလမ်းပိုင်းမှာ ပေါ်တာဆွဲ ဖမ်းခံရတဲ့ ပြည်သူတွေကို စစ်အုပ်စုကကျွန်းလှအချုပ် ထောင်မှာ ယာယီထိန်းသိမ်းပြီး အဲဒီကနေစစ် သင်တန်းတက်ဖို့ ကန့်ဘလူမြို့က ၆၀၀၆ အမြောက်တပ်ကို အလှည့်ကျပို့ဆောင်တယ်လို့ အသိပေးပါတယ်။
စစ်အုပ်စုရဲ့ ကျွန်းလှအချုပ်ခန်းထဲမှာ မိန်းကလေးတွေအပြင် သံဃာတော်တွေလည်းရှိနေတယ်လို့ သိရပါတယ်။
“ ကျွန်တော်က အသက် ၁၉ နှစ်၊ရေစကြိုမြို့နယ် ဂွေးခုံရွာမှာနေပါတယ်။မြစ်ကြီးနားက ငှက်ပျောခြံမှာအလုပ်လုပ်ဖို့ ရေစကြိုကနေ light truck ကား ၃စီးနဲ့လာကြတာ။နိုဝင်ဘာ ၂ ရက်နေ့က ဘူးကုန်းဂိတ်ရောက်မှ လာတဲ့ကား၃စီးမှာ ရှေ့ကအစီးကလွတ်သွားပြီး ကျန်တဲ့နှစ်စီးကလူတွေကို မှတ်ပုံတင်ကြည့်ပြီး အောက်ဆင်းခိုင်းတာ၊ကားနှစ်စီးပေါင်း ကျွန်တော်အပါအဝင်(၁၃)ယောက် ဖမ်းခံလိုက်ရတာ” လို့ လွတ်မြောက်လာတဲ့သူတွေထဲက အသက်အငယ်ဆုံးအမျိုးသားက ပြောပါတယ်။
“ ရောက်တဲ့နေ့ညကတည်းက သံဆူးကြိုးက အပြားလေး ရအောင်ဆွဲဖြတ်ပြီး အချုပ်ခန်းအောက်ခင်းပြင်ကို တိုက်ဖြတ်နေတာ၊မရနိုင်တော့ အိမ်သာ မင်းတုန်းက အပြားလေးနဲ့ ပြင် ၃ ပြားကို (၈) ရက် တိုက်ဖြတ်ခဲ့ရတာ၊၁၀ရက်နေ့ ည၁၁ခွဲမှာထွက်ပြေးခဲ့ကြတာ၊ကျန်တဲ့သူ တွေကိုနှိုးတယ်နှိုးမရဘူး ကျွန်တော်တို့ ၄ ယောက်က အဲ့ညနေထမင်းပဲစားတာ ဟင်းမစားဘူးမထနိုင်မှာမို့။ ထွက်ပြေးရတာဖိနပ်မပါဓာတ်မီးမပါ၊ကိုယ့်ဒေသမဟုတ်တော့ လမ်းမကျွမ်းဘူး၊မီးအလင်းရောင်ရှောင်ကွင်း၊ငှက်ပျောသီးမီးဖုတ်စားပြီး သုံးညလမ်းလျောက်ပြီးမှ တော်လှန်ရေးအဖွဲ့တွေဆီ ရောက်ခဲ့တာ” လို့ ၎င်းက ဆက်ပြောပါတယ်။
အချုပ်ခန်းထဲရှိနေစဥ် ကျွေးတဲ့ဟင်းတွေထဲ အိပ်ဆေးခတ်တာ နဲ့ စစ်တပ်အရာရှိ က စစ်တပ်ထဲဝင်ရန်စည်းရုံးတာတွေ လုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
ပြီးခဲ့တဲ့လကလည်း ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ကန့်ဘလူမြို့နယ်စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးသွားတဲ့ သူတွေထဲက လူငယ်ဆယ်ဦးဟာ စစ်သင်တန်းကိုပို့ဆောင်စဉ် လမ်းခုလတ်ကနေ ထွက်ပြေးလွတ်မြောက်လာတာရှိပါတယ်။
ကန့်ဘလူမြို့နယ်ထဲက စံပယ်နံ့သာနဲ့ ဘူးကုန်းဂိတ်တွေကနေ မိန်းကလေးငယ်တွေအပါအဝင် ခရီးသွားပြည်သူ ၈၀ ဦးထက်မနည်းကိုဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၆ ရက်က ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကနေ တန့်ဆည်မြို့ကိုသွားတဲ့ ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးပြီး အမျိးသမီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပါတယ်။ ဒါအပြင် အမျိုးသားကတော့ နှိပ်စက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။
အောက်တိုဘာလအတွင်းမှာတင် ဖမ်းဆီးခံရတဲ့သူတွေထဲကမိန်းကလေးလေးဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။
လူငယ်တွေအနေနဲ့မဖြစ်မနေကိစ္စရှိမှသာ ခရီးသွားမဖို့နဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသဘက်ကနေ သွားလာကြဖို့ ကန့်ဘလူ မြို့ခံတချို့ကသတိပေးပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေရှိသလို စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေလည်းရှိပါတယ်။ အဲဒီလမ်းရဲ့ စံပယ်နံ့သာဂိတ်အပါအဝင် ကန့်ဘလူမြို့နယ်ဖြတ်သွားတဲ့နေရာဟာလုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကားလမ်းဖြတ်သန်းခွင့်ပိတ်ပင်ပြီး ရှောင်ကွင်းလမ်းဖောက်လုပ်ပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့စက်တင်ဘာလမှာ ရှောင်ကွင်းလမ်းဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ရှောင်ကွင်းလမ်းကိုစစ်ကောင်စီကပြန်ပိတ်ထားပြီး လမ်းမကြီးပေါ်ကနေသာ ဖြတ်သန်းခွင့်ပြုနေသလို ခရီးသွားပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေ၊ စစ်သားသစ်စုဆောင်းတာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေကျူးလွန်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ ပေါ်တာဆွဲခံရသူ ၄ ဦးအချုပ်ထောင်ဖောက်ထွက်ပြေးလွတ်မြောက် နိုဝင်ဘာ ၁၇၊ ၂၀၂၅။ဇော်ဝင်း/People's…
Posted by People's Spring on Sunday 16 November 2025
ရုပ်သံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
















































