နိုဝင်ဘာ-၁၈၊၂၀၂၅။အိမ်သွင်/People’s Spring
တနင်္သာရီတိုင်း၊လောင်းလုံးမြို့ကဆင်ထောက်ကမ်းခြေမှာ ဝေလငါးမန်းသုံးကောင်သေဆုံးပြီး သောင်ပြင်ပေါ်တင်နေတာကို ဒေသခံတွေကနိုဝင်ဘာလ၁၇ရက်နေ့မှာ တွေ့ခဲ့ကြပါတယ်။
ဆင်ထောက်ကမ်းခြေမှာ သေဆုံးနေတဲ့ ဝေလငါးမန်း (Whale Sharks) သုံးကောင်ကိုတွေ့ရှိခဲ့ရပြီး အလွန် ဝမ်းနည်းကြေကွဲဖွယ် သတင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးကလူမှုကွန်ရက်မှာတင်ထားပါတယ်။
အခြားဒေသခံတစ်ဦးကလည်း “တော်တော်ကို ထိန့်လန့်မိပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုးရွားနေပြီလား။ဘာတွေဖြစ်နေပြီလဲမသိနိုင်တော့ဘူး”လို့ ပြောပါတယ်။

Public Service Announcement
တွေ့ရှိတဲ့ ဝေလငါးမန်းတွေက ပေ ၂၀ခန့်စီရှိပြီး အသေးစိတ်ကိုတော့ မသိနိုင်သေးဘူးလို့ ၎င်းကပြောပါတယ်။
ဝေလငါးမန်းဟာ အလွန်ရှားပါးပြီးမျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိတဲ့ မျိုးစိတ် ဖြစ်ပြီး ကမ္ဘာပေါ်က ငါးမျိုးစိတ်များအားလုံးထဲမှာအရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။အရွယ်ရောက်ပြီးသား ဝေလငါးမန်းဟာ ပျမ်းမျှအားဖြင့် အရှည် ၁၈ မှ ၃၂ ပေအထိ ရှိနိုင်ပြီး အချို့သည် ပေ ၆၀ကျော်အထိကြီးထွားနိုင်ပါတယ်။ပင်လယ်သမုဒ္ဒရာတွေရဲ့အပူပိုင်းနဲ့ အပူလျော့ပိုင်းရေပြင်တွေမှာ ကျက်စားလေ့ရှိပြီး မြန်မာ၊ ထိုင်း၊ အိန္ဒိယနဲ့အင်ဒိုနီးရှားနိုင်ငံတွေနဲ့ထိစပ်နေတဲ့ Adman Sea မှာ ကျက်စားကြပါတယ် ။မြန်မာမှာဆိုရင်တနင်္သာရီကမ်းရိုးတန်း၊ မြိတ်ကျွန်းစုအပါအဝင်မြန်မာ့ပင်လယ်ပြင်နဲ့တခြားကမ်းရိုးတန်းဒေသတွေမှာလည်းတွေ့ရပါတယ်။
ဝေလငါးမန်းတွေကို ၂၀၁၆ ခုနှစ်ကစပြီး မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိတဲ့ မျိုးစိတ် (Endangered – EN) Endangered (EN) အဆင့်အဖြစ်သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUCN – International Union for Conservation of Nature) က သတ်မှတ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲနဲ့ ကမ်းရိုးတန်းဒေသတွေမှာ စစ်အုပ်စုကလက်နက်ကြီးတွေပစ်ခတ်တာ၊ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲတွေရှိနေပေမယ့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်းအာရုံစိုက်လုပ်ဆောင်သင့်တယ်လို့ ဒေသခံတွေကတိုက်တွန်းနေကြပါတယ်။

















































