Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ခန့်အပ်နိုင်ခဲ့မှု တော်လှန်ရေးအတွက် သိသာထင်ရှားတဲ့အရွေ့လို့ သုံးသပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်နိုင်ခဲ့တာဟာ တော်လှန်ရေးအတွက် သိသာထင်ရှားတဲ့အရွေ့တစ်ခုဖြစ်ပြီး ရှေ့တလှမ်းတက်ဖို့ စုဖွဲ့ခြင်းဖြစ်တယ်လို့ စစ်ကိုင်းဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ရှုမြင်သုံးသပ်ကြပါတယ်။

နိုဝင်ဘာ-၁၈၊ ၂၀၂၅။ People’s Spring

စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကို အတည်ပြုခန့်အပ်နိုင်ခဲ့တာဟာ တော်လှန်ရေးအတွက် သိသာထင်ရှားတဲ့အရွေ့တစ်ခုဖြစ်ပြီး ရှေ့တလှမ်းတက်ဖို့ စုဖွဲ့ခြင်းဖြစ်တယ်လို့ စစ်ကိုင်းဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ရှုမြင်သုံးသပ်ကြပါတယ်။

စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဟာ နိုဝင်ဘာ ၁၇ရက် မနေ့က ကြားကာလအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဦးကို အတည်ပြုခန့်အပ်ခဲ့ပါတယ်။

“ နွေဦးတော်လှန်ရေးအတွက် နိုင်ငံရေးအရ အင်မတန် သိသာထင်ရှားတဲ့ အရွေ့တခုလို့ မြင်ပါတယ်။ နိုင်ငံရေးအရ ဖက်ဒရယ်စနစ်ကို တော်လှန်ရေးကာလမှာကတည်းက ကျွဲကူးရေပါတည်ဆောက်နေတယ်ဆိုတာ ပြသတဲ့ သမိုင်းဝင် လုပ်ရပ်တခုဖြစ်သလို အကြမ်းဖက် စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင် တရားမဝင် ရွေးကောက်ပွဲဆိုတာကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး ပြည်သူလူထုဆန္ဒအစစ်အမှန်ဖြစ်တဲ့ (၂၀၂၀) အထွေထွေရွေးကောက်ပွဲ ရလဒ်ကိုပဲတော်လှန်ရေး အင်အားစုအားလုံးက ထပ်ဆောင်း အတည်ပြု ကိုင်စွဲတဲ့ နိုင်ငံရေးဆိုင်ရာ တရားဝင်မှု တိုက်ပွဲခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်”လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်အနိုင်တိုက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ တော်လှန်ရေး အခင်းအကျင်းအောက်မှာ တော်လှန်ရေး အားကောင်းရာ ဒေသဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှာ ယူနစ်အဆင့် စုဖွဲ့ထားနိုင်တဲ့ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုတွေအားလုံး လက်တွဲ လုပ်ဆောင်နိုင်တဲ့ လိုအပ်နေတဲ့အခင်းအကျင်းတရပ် ပေါ်ပေါက်လာတာဖြစ်တယ်လို့လည်း ကိုခန့်ဝေဖြိုးက သုံးသပ်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပြီးခဲ့တဲ့ဇွန်လမှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဲဒီဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ ကြားကာလအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ကို ရွေးချယ်အတည်ပြုခန့်အပ်ခဲ့တာပါ။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းတို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း အဲဒီယူနစ်လွှတ်တော်က ထုတ်ပြန်ထားပါတယ်။

အဲဒီလို ယူနစ်လွှတ်တော်က အတည်ပြုခန့်အပ်နိုင်ခဲ့တာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဝန်းကျင်က အစပြုခဲ့တဲ့ ဖြစ်စဥ် အကောင်အထည်ပေါ်လာတာဖြစ်ပြီး လက်ရှိအခြေအနေဟာ ကောင်းမွန်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစု စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းဥက္ကဋ္ဌ ဦးကျော်ဝေဖြိုးက ပြောပါတယ်။

“ဒီဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းအင်အားစုတွေအားလုံး တော်လှန်ရေးအင်အားစုတွေ အားလုံး ပူးပေါင်းပါဝင်တဲ့ ရလဒ်တစ်ခုလို့ ပြောလို့ ရတယ်။ အဲဒီရလဒ်ကို ဒီအတိုင်း ဆက်ထိန်းထားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တော်လှန်ရေးက ၂၀၂၁ ကနေ ၂၀၂၅ အထိ အခုအချိန်အထိ ဗဟိုကဲတဲ့ တော်လှန်ရေးနဲ့သွားနေတာပေါ့။ ဗဟိုကဲမှုဟာ တဖြည်းဖြည်းနဲ့လျော့ကျသွားတာ အားလုံးလည်း အမြင်ပဲ။ အခုက အောက်ခြေကနေ ပြန်စုမယ့် Holding together ကနေ Coming Together အခြေအနေတစ်ခုကို စပြောင်းနေပြီလို့ ပြောလို့ရတယ်။ စပြောင်းတဲ့ အခြေအနေက ဒါတွေ စဖြစ်လာတယ်ပေါ့”လို့ သူက ဆက်ပြောပါတယ်။

ဒီလိုဖြစ်စဥ်ဟာ မြန်မာပြည်မှာ အရင်က မဖြစ်ဖူးဘဲ Zero ground ဖြစ်စဥ်ဖြစ်ပြီး ဒါကို ပြိုကျမသွားအောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကာ ဆက်လုပ်သွားဖို့ လိုကြောင်း ဦးကျော်ဝေဖြိုးက တိုက်တွန်းပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးကလည်း နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းလာမှုနဲ့အတူ ဖွဲ့စည်းမယ့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရက သာမန်ကာလ အစိုးရတရပ်ရဲ့ လုပ်ဆောင်မှုမျိုးအတိုင်း သွားတာမဟုတ်ဘဲ တော်လှန်ရေးကာလမှာ အရေးအကြီးဆုံးဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အဓိကထားလုပ်ဆောင်တဲ့၊ တော်လှန်ရေးအစိုးရ ပီပီသသအဖြစ် ရပ်တည် လုပ်ကိုင်နိုင်ကြပြီး တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့အတူ တာဝန်တွေကို တိကျ ညီညွတ်စွာ ခွဲဝေဆောင်ရွက်ကြရင်း တော်လှန်ရေးလုပ်ငန်းစဉ်တွေကို အဓိကထား ဗဟိုပြု လုပ်ကိုင်နိုင်ကြမယ်ဆိုပါက နွေဦးတော်လှန်ရေးအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အထောက်အပံ့ကောင်းတရပ်ဖြစ်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook