နိုဝင်ဘာ-၁၉၊ ၂၀၂၅။ဇေအောင်/People’s Spring
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်ချင်းတိုက်မိလို့ ရန်ဖြစ်တဲ့အမှုကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံလိုက်ရကြောင်း သတင်းရရှိပါတယ်။
နိုဝင်ဘာ ၁၃ ရက် ည ၁၀ နာရီ ၄၅မိနစ်ခန့်က ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ရုံးအကူ အသက်(၂၄)နှစ်အရွယ် ဘိုဘိုထွန်းဆိုသူဟာ စျေးရပ်ကွက်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဆိုင်ကယ်နဲ့ ပြန်လာချိန် မီးပွိုင့်လမ်းဆုံမှာ အမျိုးသားတစ်ဦးစီးလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
တဖက်ယာဥ်က မောင်းနှင်လာသူဟာ စျေးရပ်ကွက်ထဲနေတဲ့ အသက် ၄၉ နှစ်အရွယ် ကိုထွန်းမင်းလတ်ဆိုသူဖြစ်ပြီး ကိုထွန်းမင်းလတ်က လက်သီးနဲ့ထိုးလို့ ရုံးအကူ ဒဏ်ရာရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

Public Service Announcement
ဒါကြောင့် ရုံးအကူကို ဒဏ်ရာရအောင်လုပ်လို့ဆိုပြီး စစ်ကောင်စီ မတရားထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က)နဲ့ ဖမ်းဆီးအရေးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
“အခုကာလမှာ ပြည်သူတွေ အနေနဲ့ ကျီးလန့်စာစားနေကြရတယ်။ စစ်တပ်ကိုလည်း ကြောက်ရသလို စစ်တပ်အစွယ်အပွား ဘာမဟုတ်တဲ့ level တွေကိုတောင် ကြောက်နေကြရပြီ။ ရွေးကောက်ပွဲ မတိုင်ခင်ထိတော့ ဒီကောင်တွေ ညစ်နိုင်သမျှ ညစ်နေဦးမှာ။ သာမန်မတော်တဆကြောင့်ဖြစ်တဲ့ ပြသာနာတစ်ခုကို “ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်း” ဆိုတဲ့ အချက်တစ်ခုတည်းကြောင့် ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူတယ်ဆိုတာ ဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်တာပါ အရပ်သားတစ်ဦးကို ဖိနှိပ်တာပါ။ ပြည်သူတွေ အနေနဲ့လည်း ကျီးလန့်စာစားနေရတာ သိပေမယ့် အတတ်နိုင်ဆုံး သူတို့အသိုင်းအဝိုင်း အစွယ်အပွားတွေကို ရှောင်စေချင်ပါတယ်။ ဒီကာလက ပိုပြီး sensitive ဖြစ်နိုင်တဲ့ ကာလမို့ပါ။ လူစုလူဝေးဖြစ်နေတဲ့ နေရာမျိုးကိုလည်း အတတ်နိုင်ဆုံး ရှောင်စေချင်ပါတယ်။”လို့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အမှတ် (၃)တပ်ရင်းက အမျိုးသမီးရဲဘော် အွမ်ခေးက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာမှာ ကြံံ့ဖွံ့ပါတီ ဟောပြောဖို့ လူစုပေးနေတဲ့ အမျိုးသမီးတစ်ဦး ဓားခုတ်ခံရတယ်ဆိုပြီး အမျိုးသားတစ်ဦး ဖမ်းဆီးအရေးယူခံထားရပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း သုံးလအတွင်းဖမ်းဆီးခံရသူ ၉၀ကျော်အထိရှိနေပါတယ်။
‘ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ထုတ်ပြန်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်အထိ ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူခံရတဲ့ အမှု ၄၀မှာ အရေးယူခံရသူ ၈၈ဦးအထိရှိတယ်လို့ Data for Myanmarက ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း အွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့် အဖမ်းခံရသူ ၂၅ ဦးရှိပြီး ၁၀ဦးက ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၅ အောက်တိုဘာအထိ လူမှုကွန်ယက်တွေပေါ်မှာ စစ်ကောင်စီ ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦးရှိတယ်လို့ Data for Myanmarက ဆိုပါတယ်။
အဲဒီအထဲက ရန်ကုန်၊ မန္တလေး၊ ပခူး၊ ဧရာဝတီ၊ မကွေး၊ ရှမ်းစတဲ့ တိုင်းနဲ့ပြည်နယ် ၆ခုမှာအဖမ်းအဆီးတွေများခဲ့ပြီး စုစုပေါင်း ၁၅၇၃ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားဖြစ်တဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားထားတဲ့ အနုပညာလောကက ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
‘ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ဟာ အနိမ့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး အမြင့်ဆုံးမှာ ‘သေဒဏ်’လို့ စစ်ကောင်စီက မတရား သတ်မှတ်ထားပါတယ်။


















































