နိုဝင်ဘာ-၁၉၊ ၂၀၂၅။မိုမို/People’s Spring
မကွေးတိုင်း၊မြိုင်မြို့နယ်တောင်ဘက်ခြမ်းက အမှတ်(၂)တပ်မတော်အကြီးစားစက်ရုံ (စက်မှု-၂ )က ထွက်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို ပစ်ခတ်ရာ တစ်ဦးသေပြီး တစ်ဦးဖမ်းမိကာ လက်နက်တစ်လက်ရတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ)က ထုတ်ပြန်ပါတယ်။
ဒီကနေ့(နိုဝင်ဘာ ၁၉ ရက်) မနက် ၈နာရီ ၄၅မိနစ်မှာ စက်မှု( ၂)ရဲ့အနီးက တောတိုက်တွေဆီ ထွက်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို ရိက္ခာတွေနဲ့အတူ တွေ့ရှိလို့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုမှာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးက ဒဏ်ရာရထားလို့ ဆေးကုသမှု ပေးထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement
၎င်းတို့ထံကနေ MA1 တလက် နဲ့ ကျည်တွေ၊စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းရတယ်လို့ ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Good Brothers တပ်ဖွဲ့ နဲ့ အညာမြေတပ်ပေါင်းစု ရဲဘော်တွေ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီက အခု နိုဝင်ဘာ ပထမပတ်ကစပြီး ပခုက္ကူတပ်မ(၁၀၁)ကနေ အင်အား၁၈၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ တွင်းမရွာ၊ သရက်ကန်ရွာတွေကနေ တဆင့် စက်မှု(၂)ကို နိုဝင်ဘာ ၁၁ ရက်က ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီကတဆင့် ပေါက်မြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထပ်ထိုးတာတွေလုပ်နေတာကြောင့် ပေါက် နဲ့ မြိုင် ဒေသအစပ်က ကျေးရွာ ၁၅ ရွာထက်မနည်း စစ်ရှောင်နေကြရတယ်လို့ အညာမြေတပ်ပေါင်းစု က ထုတ်ပြန်ထားပါတယ်။
ပေါက်နဲ့မြိုင်မြို့နယ်က စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ အရပ်သားတွေကို ဖမ်းဆီးတာ၊သတ်ဖြတ်တာတွေအပြင် နေအိမ်တွေကို မီးရှို့တာနဲ့ ရိက္ခာတွေ ခိုးယူတာရှိနေတယ်လို့ သက်ဆိုင်ရာ ပကဖ တွေက အသိပေးပါတယ်။


















































