Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကပေါ်ထွက်လာမယ့် ရုပ်သေးအစိုးရကို အသိအမှတ်မပြုကြောင်းကြေညာဖို့ နိုင်ငံတကာကို NUGတိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်အာဏာတည်မြဲရေးနဲ့ စစ်ရာဇဝတ်ကောင်တွေ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတို့အတွက် ရည်ရွယ်ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲကတဆင့် ပေါ်ထွက်လာမယ့် အမည်ခံရုပ်သေးအစိုးရကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းလိုက်ပါတယ်။

မန္တလေးက ပြည်ကြီးတံခွန်သပိတ်အင်အားစုများက စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ပြည်ကြီးတံခွန်သပိတ်အင်အားစုများ

နိုဝင်ဘာ ၁၉၊ ၂၀၂၅။ ပုရစ်/People’s Spring

မြန်မာနိုင်ငံမှာ စစ်အာဏာတည်မြဲရေးနဲ့ စစ်ရာဇဝတ်ကောင်တွေ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတို့အတွက် ရည်ရွယ်ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲကတဆင့် ပေါ်ထွက်လာမယ့် အမည်ခံရုပ်သေးအစိုးရကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၉ရက်မှာပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာပါ။

စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ အင်တာနက်လွတ်လပ်ခွင့်တွေကို အကြီးအကျယ် ချိုးဖောက်လျက်ရှိတာ ထင်ရှားတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေ စစ်အုပ်စုရွေးကောက်ပွဲ အသိအမှတ်မပြုတာ အပါအဝင် အချက်လေးချက်ကို အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဦးနေဘုန်းလတ်က တိုက်တွန်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်အုပ်စု စနစ်တကျကျူးလွန်နေသော စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို သေချာစွာ စောင့်ကြည့်လေ့လာပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးပမ်းရန်လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တရားလက်လွတ် ဖမ်းဆီးမှုတွေကို ပြင်းထန်စွာ ရှုတ်ချပြီး ဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုအား ဖိအားပေးဖို့၊ စစ်အုပ်စုရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်မနေဘဲ အသံတိတ်နေရတဲ့ မြန်မာပြည်သူများကိုယ်စား ဖွင့်ဟပြောဆိုဖို့လည်း ဦးနေဘုန်းလတ်က တိုက်တွန်းပါတယ်။

စစ်အုပ်စုက နိုင်ငံအနှံ့မှာ စစ်ရာဇဝတ်မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကို ကျူးလွန်နေတဲ့ အပြင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကာကွယ်ဖို့ အကြောင်းပြ မတရားဥပဒေ ထုတ်ပြန်ပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ထိပါး နှောက်ယှက်မှုတွေ ကျူးလွန် လာနေတာကိုလည်း ဦးနေဘုန်းလတ်က ပြောပြခဲ့ပါတယ်။

” ဒီမတရားဥပဒေမှာ စစ်တပ်ကကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်တယ်လို့ ယူဆရတဲ့ စကားပြောဆိုမှုတွေနဲ့ အွန်လိုင်းပေါ်က ဖော်ပြမှုတွေ အပါအဝင် လုပ်ဆောင်မှုမျိုးစုံကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ ပြစ်ဒဏ်တွေ ချမှတ်နိုင်တာဖြစ်ပါတယ်။” လို့ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်တပ်က မတရားဥပဒေကို စတင်ပြဋ္ဌာန်းခဲ့တဲ့ ဇူလိုင်လကစလို့ အောက်တိုဘာလ ၂၉ ရက် နေ့အထိ အမှုပေါင်း ၄၀ မှုအတွက် အမျိုးသား ၈၃ ဦး နဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၈၈ ဦးကို အရေးယူထားကြောင်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချိရေးစာမျက်နှာတွေမှာ ကြေညာခဲ့တာကိုလည်း အသိပေးထားပါတယ်။

ရရှိထားတဲ့ သတင်းတွေအရ အသက်မပြည့်သေးသူတွေ၊ အနုပညာရှင်တွေအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို အဲဒီ့ မတရားဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

၂၀၂၅အောက်တိုဘာလ ၂၇ ရက်မှ ၂၉ ရက်အတွင်း ထင်ရှားတဲ့ အနုပညာရှင် အနည်းဆုံး ၅ ဦးကို သူတို့ရဲ့ Facebook လူမှုကွန်ရက်ပေါ်က အတွေးအခေါ်ဆိုင်ရာ စာသားအချို့တင်ခြင်း၊ တော်လှန်အနုပညာရှင်အချို့ရဲ့ ပို့စ်တွေမှာ Love React ပေးခြင်းစတဲ့ လုပ်ဆောင်မှုတွေအတွက် စစ်ကော်မရှင်က ဖမ်းဆီးခဲ့တာကိုလည်း ဦးနေဘုန်းလတ်က မီးမောင်းထိုးပြခဲ့ပါတယ်။

“နောက်တစ်ဖက်မှာလည်း စစ်အုပ်စုဟာ ၎င်းတို့ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ နာမည်ကျော် အနုပညာရှင်များစွာကို အတုအယောင် ရွေးကောက်ပွဲထောက်ခံရေး ဝါဒဖြန့်လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ဥပဒေမဲ့ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက် နေတာကိုတွေ့ရပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

NUG အနေနဲ့လည်း ပြည်သူလူထုကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့၊ ကြိုတင်မဲပေးဖို့ တနည်းနည်းနဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ ပြုလုပ်တဲ့ ဖြစ်စဉ်တွေရှိခဲ့ရင် ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ စလင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေတဲ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသက်ဝေ ကို ပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့ စလင်းမြို့နယ် တရားရေးအဖွဲ့က တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေတာကိုလည်း အသိပေးခဲ့ပါတယ်။

ထပ်မံဖမ်းဆီးရမိမှုတွေရှိလာပါက အခုလိုပဲ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင်ရွက် သွားမယ်လို့ ဦးနေဘုန်းလတ်က အသိပေးပါတယ်။

ဆက်စပ်သတင်းများ

Facebook