နိုဝင်ဘာ-၁၉၊ ၂၀၂၅။ ပုရစ်/People’s Spring
တနိုင်ငံလုံးက ပြည်သူလူထုတွေကို အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ သမိုင်းတရားခံ အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပြီး လူထုရဲ့ အရေးယူမှုလည်း ခံရမှာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်ဗညားမွန်က သတိပေး ပြောကြားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၁၈ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အစိုးရတု၊ ရွေးကောက်ပွဲတု နဲ့ နိုင်ငံရေးလှည့်စားမှုထောင်ချောက်” စကားဝိုင်းဆွေးနွေးပွဲအစီစဉ် အပိုင်း (၂)မှာ နိုင်ဗညားမွန်က အခုလို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ မွန်ပြည်နယ်မှာရှိတဲ့ ဒီရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒီနေရာကနေ တိုက်တွန်းချင်တယ်။ တနိုင်ငံလုံးက ဆန့်ကျင်နေတယ် တနိုင်ငံလုံးက အသိအမှတ်မပြု ဘူး ။ စကစရဲ့ အကြမ်းဖက်မှု၊ လူထုကို အကြမ်းဖက်မှု တနိုင်ငံလုံးပြည့်နှက် နေတဲ့အချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပါဝင်ပတ်သက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းဖို့ အားပေးသလို စစ်ကျွန်၊ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ အားပေးတဲ့လုပ်ငန်းဖြစ်တယ်ဆိုတာ သိစေချင်တယ်။ တကယ်လို့ ပါဝင်ပတ်သက်ခဲ့ရင် သမိုင်းတရားခံအဖြစ် တွင်သွားလိမ့်မယ်။ အဲဒီသမိုင်းတရားခံအဖြစ် တွင်သွားလို့ရှိရင် လူထုက အရေးယူနိုင်တဲ့ နေ့ကျရင် အရေးယူမှု ခံရလိမ့်မယ်” လို့ နိုင်ဗညားမွန်က ပြောပါတယ်။

Public Service Announcement
အခုအချိန်ဟာ စဉ်းစားချိန်ရှိသေးလို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်မှုကနေ ပြန်စဉ်စားပေးဖို့ ရိုးရိုးသားသား တိုက်တွန်းလိုတယ်လို့ ပြောပါတယ်။
NMSP-AD အနေနဲ့လည်း စစ်တပ် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းဖို့ ဖြစ်သလို စစ်အာဏာရှင်ကိုသက်ဆိုးရှည်စေဖို့ဖြစ်လို့ နည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်တိုက်ဖျက်ဖို့ သဘောထား ချထား ကြောင်း ထပ်လောင်းအသိပေးပါတယ်။
“မွန်လူထုအပါအဝင်တနိုင်ငံလုံးကို သတင်းစကား ပါးချင်တာက ဒီရွေးကောက်ပွဲကို သွယ်၀ိုက်၍သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ပူးပေါင်းပါဝင်ခြင်းမပြုဖို့ တိုက်တွန်းချင်တယ်“ လို့ နိုင်ဗညားမွန်က ပြောပါတယ်။
အကြပ်ကိုင်လို့ အနေအထားတခုကြောင့် ပါလိုက်ရတယ်ဆိုပေမယ့်နည်းနာပေါင်းစုံသုံး မဲမပေးဖို့ လည်း တိုက်တွန်းထားပါတယ်။
KNU ဒူးပလာယာခရိုင်ရဲ့ ခရိုင်အမြဲတမ်းကော်မတီဝင် ပဒိုနော်ဖောသေ့ဒေးကလည်း စကား၀ိုင်းဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့ရာ စစ်အာဏာရှင်စနစ်ကို စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁မှ သိသိသာသာ ပြည်သူတွေ အားလုံးသိကြတာဖြစ်ပေမယ့် တကယ်တန်းက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာကတည်းက စစ်တပ်က နိုင်ငံရေးဦးဆောင်မှု ရယူ ချယ်လှယ်ထားတာဖြစ်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ကြောင်း ပြောပါတယ်။
“စစ်တပ်က နိုင်ငံရေး ဦးဆောင်ကတည်းကိုက အာဏာသိမ်းပြီးသွားပြီလို့ ပြောလို့ရတယ်” လို့ ပဒိုနော်ဖောသေ့ဒေးက ပြောပါတယ်။
နိုင်ငံတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမှာဖြစ်ပေမယ့် စစ်တပ်ရေးတဲ့ ၂၀၀၈ဟာ စစ်တပ်အတွက်သာ စစ်တပ် ချယ်လှယ်နိုင်ဖို့သာ လုပ်ဆောင်ထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။
တန်းတူညီမျှမှုရဖို့ တနိုင်ငံလုံးလိုလားနေတဲ့ ဖက်ဒရယ်တည်ဆောက်ဖို့ စစ်ကောင်စီ ရွေးကောက်ပွဲကို မပတ်သတ်ဖို့လိုအပ်တယ်လို့လည်း ပဒိုနော်ဖောသေ့ဒေးက ဆွေးနွေးပြီး စစ်တပ်ကြိုးဆွဲရာ မကဖို့လိုအပ်ကြောင်းလည်း သတိပေးပါတယ်။


















































