နိုဝင်ဘာ၁၉၊၂၀၂၅။လူအေး/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့နယ်မြေရဲစခန်းအနီးမှာ ဒီနေ့(နိုဝင်ဘာ ၁၉ ရက်)မနက်ပိုင်းက ရဲတပ်ဖွဲ့တိုက်ခိုက်ခံလိုက်ရပြီးနှစ်ဦးသေဆုံးခဲ့ပါတယ်။
“ ရဲစခန်းဘက်ကနေ ပစ်ခတ်သံတွေ ဆူညံသွားပြီး မကြာခင် ရဲကားတွေ မိုးညှင်းဘက်ကို ပြေးတာပဲ။ နှစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်။ ရဲစခန်းကို ဝင်စီးတယ်ထင်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုဟာ မနက် ၈နာရီခန့်ကဖြစ်ခဲ့တာပါ။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က ရဲစခန်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာလို့ ဒေသခံအချို့က ပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Public Service Announcement
ဒဏ်ရာရတဲ့တယောက်ကို မိုးညှင်းဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်ဟာ နမ်းမားရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ နှစ်ကြိမ်မြောက် ပစ်မှတ်ခံရမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ရက်ကလည်း နန်းမားရဲစခန်းက ရဲနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
နန်းမားမြို့ဟာ ဟိုပင်မြို့နဲ့အတူ မိုးညှင်းမြို့နယ် ထဲမှာ ပါရှိပါတယ်။ နိုဝင်ဘာ ၁၁ရက်ကလည်း ဟိုပင်မြို့အဝင်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ(SNA) ပူးပေါင်းတပ်ကို KIA၊KPDFက တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ(SNA) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးဖို့ပြင်တယ်လို့ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကပြောနေကြပါတယ်။















































