Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးကျော်စစ် ကြုံလာရင် လိုက်နာကျင့်သုံးရမယ့် အကြံပြုချက် စာအုပ် ထိုင်ဝမ်မှာ ထုတ်ဝေ

တရုတ်ရဲ့ ကျူးကျော်စစ်ကို ကြုံလာရင် ဘယ်လို ရှင်သန် ဖြတ်သန်းကြရမလဲ ဆိုတာကို အကြံပြု ရှင်းပြထားတဲ့ စာအုပ်ကို ထိုင်ဝမ်မှာ ထုတ်ဝေဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ရဲ့ ကျူးကျော်စစ်ကို ကြုံလာရင် ဘယ်လို ရှင်သန် ဖြတ်သန်းကြရမလဲ ဆိုတာကို အကြံပြု ရှင်းပြထားတဲ့ စာအုပ်ကို ထိုင်ဝမ်မှာ ထုတ်ဝေဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

လူဦးရေ ၂၃ သန်းရှိတဲ့ ကျွန်းနိုင်ငံငယ်မှာ ပြည်သူတွေဆီ ဖြန့်ဝေပေးမယ့် အဲဒီ အသေးစား စာအုပ်လေးဟာ သဘာဝ ဘေးအန္တရာယ်နဲ့ အရေးပေါ် အခြေအနေတွေ ကြုံလာရင် အသက်ရှင်နိုင်အောင် ဘယ်လို ကျင့်ကြံ ဖြတ်သန်းရမလဲ ဆိုတဲ့ အကြံပြုချက်တွေကို ဖော်ပြထားတာပါ။ ဒါတင်မကသေးဘဲ တရုတ်ရဲ့ ကျူးကျော်စစ်နဲ့ ရင်ဆိုင်လာရချိန်မှာ လိုက်နာသင့်တဲ့ ကိစ္စတွေကိုပါ ထည့်သွင်းထားတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

စက်တင်ဘာလတုန်းက စတင် မိတ်ဆက်ခဲ့တဲ့ စာအုပ်ကို အခုသီတင်းပတ်ကစပြီး ပြည်သူတွေဆီ ဖြန့်ချိသွားမှာပါ။ စာအုပ်ထဲမှာတော့ အိမ်တွေမှာ ဘာတွေ စုဆောင်းထားသင့်သလဲ၊ အရေးပေါ် ရွှေ့ပြောင်းချိန်မှာ ယူဆောင်လာရမယ့် အိတ်တွေမှာ ဘာတွေ ထည့်ထားသင့်သလဲ၊ ရန်သူစစ်သားတွေနဲ့ ကြုံရင် ဘာတွေလုပ်သင့်သလဲ ဆိုတာတွေကို ရေးသားထားပါတယ်။

ကျူးကျော်စစ် စတင်ပြီး သတင်းစီးဆင်းမှုတွေ ပြတ်တောက်သွားတဲ့ အချိန်ကျရင် အစိုးရက အရှုံးပေးလိုက်ပြီ ဆိုတာမျိုး လူတိုင်းက ပြောဆိုနေမှာ ဖြစ်ပေမယ့် အမှန်မဟုတ်တာကို သဘောပေါက်ထားဖို့လိုကြောင်း စာအုပ်ထဲမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ဟာ ကိုယ်ပိုင် ဒီမိုကရေစီ စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်နေပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသလို လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ နိုင်ငံရဲ့ စစ်အင်အားကို အင်အားအလုံးအရင်း မွမ်းမံ အဆင့်မြှင့် ဖြည့်တင်းနေပြီး အစောဆုံးအဖြစ် ၂၀၂၇ လောက်မှာ ထိုင်ဝမ်ကို လက်တွေ့ကျူးကျော်နိုင်ခြေ ရှိတယ်လို့ စစ်ရေး သုတေသီ တချို့က သုံးသပ်ထားပါတယ်။

ဥရောပအပေါ် ရုရှားရဲ့ ရန်လိုမှုတွေ ပိုမို ကြီးထွားလာတဲ့နောက် အခုနှစ်ဆန်းပိုင်းတုန်းကလည်း ဆွီဒင်နဲ့ ဖင်လန် အစိုးရတွေက စစ်ဖြစ်လာရင် ပြည်သူတွေ ဘယ်လို စီမံကိုင်တွယ်သင့်သလဲဆိုတဲ့ အကြံပြုချက်တွေကို အသစ်ပြောင်းလဲ သတ်မှတ် ကြေညာခဲ့ဖူးပါတယ်။

တိုင်ဖွန်း မုန်တိုင်းကြီးတွေလို သဘာဝ ဘေးအန္တရာယ်တွေ၊ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အခြေအနေမှာ ပြည်သူတွေ အနေနဲ့ အရေးပေါ် အခြေအနေတွေအတွက် ဘယ်လို ထိထိရောက်ရောက် ကြိုပြင်ထားသင့်သလဲ ဆိုတဲ့အကြောင်း သေချာ အသိပေးထားဖို့ လိုတယ်လို့ ထိုင်ဝမ် စစ်တပ်ရဲ့ အလုံးစုံ ခုခံရေး ဌာန ညွှန်ကြားရေးမှူး ရှန်ဝေချာက ပြောကြားသွားပါတယ်။

အနီရောင် မျက်နှာဖုံးနဲ့ အသေးစား စာအုပ်ထဲမှာတော့ ခေါက်ဆွဲခြောက်နဲ့ ဆန်အပါအဝင် တစ်ပတ်စာ ရိက္ခာတွေ ကြိုစုထားဖို့၊ အရေးပေါ် သယ်ယူသွားနိုင်မယ့် အိတ်တွေ ပြင်ဆင်ထားဖို့၊ ပေါ့ပါးကျစ်လစ်တဲ့ အိပ်ရာလိပ်တွေကို အိမ်တံခါးဝနားမှာ ကြိုပြင်ထားဖို့ ဆိုတာတွေ ပါဝင်ပါတယ်။ နောက်ပြီး ထိုင်ဝမ် ကြုံလာနိုင်တဲ့ စစ်ရေး ခြိမ်းခြောက်မှု အခြေအနေ အားလုံးကိုလည်း တွက်ချက်ပြထားပြီး အဲဒီထဲမှာ ရေအောက် အင်တာနက် ကေဘယ်လ်ကြိုးတွေ ဖြတ်တောက်ခံရတာ၊ မပျံသန်းရဇုန် သတ်မှတ်ကြေညာ ခံရတာတွေကအစ တင်းပြည့်ကျပ်ပြည့် ကျူးကျော်စစ်ကြီးအထိ ဖြစ်နိုင်ခြေတွေကို ဖော်ပြထားပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီစာအုပ် ၁၁ သန်းကို ထုတ်ဝေမှာဖြစ်ပြီး နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ထားတဲ့ အင်္ဂလိပ် ဘာသာပြန် အုပ်ရေ ၁၀၅၀၀၀ လောက်ကို ဖြန့်ဖြူးသွားမယ်လို့ ဆိုပါတယ်။ စာအုပ်တွေ ဖြန့်ဝေပေးမှုကို အခုသီတင်းပတ်မှာ စတင်ပြီး နောက်နှစ် ဇန်နဝါရီလမှာ ပြီးစီးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

Facebook