နိုဝင်ဘာ-၁၉၊ ၂၀၂၅။People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်က လက်ပံပြန့်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီခွဲခန့်မှာ သပိတ်ကျင်းမြို့နယ် ၊ လက်ပံပြန့်ကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာရှိ ပြည်သူ ၂ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးပါတယ်။

Public Service Announcement
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အရှေ့ခြမ်းက ယဉ်ကျေးရွာအနီးကို ဒီကနေ့ နေ့လယ် ၁ နာရီကျော်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ လာတဲ့ ဂျိုင်ရိုကော်ပတာ(Gyro copters) ၃ စီးနဲ့ ဗုံးသီးချလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ အချိန်မရွေးတိုက်ခိုက်နိုင်တာကြောင့် ပြည်သူတွေ လေကြောင်းအန္တရာယ် သတိပြုကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။
















































