ထိုင်းနိုင်ငံက စိုက်ပျိုးရေး လုပ်ငန်းတွေမှာ မြန်မာ ဒုက္ခသည်တွေ စတင်ဝင်ရောက် လုပ်ကိုင်ခွင့် ရနေပြီဖြစ်ပြီး အဲဒီအတွက်လည်း စိတ်အား တက်ကြွ ပျော်ရွှင်နေကြပါတယ်။
နိုဝင်ဘာလကို ဆောင်းရာသီအဖြစ် သတ်မှတ်ထားပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ရာသီဥတု ပူပြင်းမှုကတော့ သိသိသာသာ လျော့ပါးမသွားပါဘူး။ ဒါပေမဲ့ ကိုထွန်းမင်းလတ်ကတော့ ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေရတာကိုပဲ ပျော်ရွှင်နေပါတယ်။
တစ်ချိန်က ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတစ်ခုမှာ ပိတ်မိနေခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ကိုထွန်းမင်းလတ်ဟာ အခုအခါ ထိုင်းနိုင်ငံ အရှေ့ပိုင်းက ကြက်မောက်သီး စိုက်ခင်း တစ်ခုမှာ ပါဝင် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ သူဟာ ဝါးလှေကား တစ်ခုကို သုံးပြီး ချိုမြတဲ့ သစ်သီးတွေကို လိုက်လံ ခူးဆွတ်နေပါတယ်။
ဒုက္ခသည် တစ်ဦးအဖြစ် ထိုင်းမှာ နှစ်ပေါင်း ၂၀ လောက် ဖြတ်သန်း နေထိုင်ခဲ့တဲ့ ကာလတလျှောက် ပထမဆုံး အကြိမ်အဖြစ် သူ့မှာ အနာဂတ် ရှိလာပြီလို့ ခံစားရကြောင်း ကိုထွန်းမင်းလတ်က ဆိုပါတယ်။

Public Service Announcement
ဩဂုတ်လတုန်းက ထိုင်းအစိုးရဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေထဲက ထောင်သောင်းချီတဲ့ အရေအတွက်ကို ပြည်တွင်းက သတ်မှတ်ထားတဲ့ လုပ်ငန်း အမျိုးအစား တချို့မှာ တရားဝင် ပါဝင်လုပ်ကိုင်ခွင့်ပြုဖို့ မူဝါဒ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
အကျိုးဆက်အဖြစ် မြန်မာ ဒုက္ခသည် ၈၀၀၀၀ လောက်ဟာ ထိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာခဲ့သလို ကုလသမဂ္ဂကလည်း ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကို အထင်ကရ အရွေ့တစ်ခုအဖြစ် ချီးကျူးခဲ့ပါတယ်။
ဇူလိုင်လတုန်းက ထိုင်း-ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခအပြီး ကမ္ဘောဒီးယား အလုပ်သမား အများအပြားဟာ ထိုင်းနိုင်ငံကနေ ပြန်လည် ထွက်ခွာကုန်ကြပါတယ်။ အဲဒီ အခြေအနေက အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အား ဒုတိယ အကြီးဆုံး နိုင်ငံရဲ့ စက်ရုံတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရုတ်တရက် လုပ်သားပြတ်လပ်မှု ပြဿနာတွေ ကြုံတွေ့လာခဲ့ပါတယ်။
နှစ်နိုင်ငံ စစ်မဖြစ်ခင်တုန်းက ထိုင်းနိုင်ငံမှာ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ၅၂၀၀၀၀ လောက်ထိ ရှိခဲ့ပြီး ဒါဟာ ထိုင်းရဲ့ လုပ်သားအင်အား ၁၂ ရာခိုင်နှုန်းနဲ့ ညီမျှခဲ့ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။
ကိုထွန်းမင်းလတ်နဲ့ သူ့ဇနီးဟာ ချန်သာဘူရီက ကြက်မောက်သီး စိုက်ခင်းဆီ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်နဲ့ အစောဆုံး ရောက်ရှိလာခဲ့တဲ့ မြန်မာ ဒုက္ခသည်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ စိုက်ခင်းရဲ့ တည်နေရာဟာ သူတို့ နေထိုင်ခဲ့ဖူးတဲ့ ဒုက္ခသည် စခန်းနဲ့ ကီလိုမီတာ ၅၀၀ လောက် ကွာလှမ်းပါတယ်။ သူတို့ရဲ့ သမီးကြီးကတော့ တခြားပြည်နယ် တစ်ခုထဲက စက်ရုံတစ်ခုမှာ အလုပ်ရသွားပါတယ်။ ၁၄ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးနှစ်ယောက်ကတော့ ဒုက္ခသည် စခန်းမှာ ကျန်ခဲ့ပြီး ရပ်ဆွေရပ်မျိုးတွေက စောင့်ရှောက်ပေးထားပါတယ်။
ကိုထွန်းမင်းလတ်က သူနဲ့ ဇနီးဖြစ်သူတို့ဟာ ၂၀၀၆ ခုနှစ်တုန်းက မြန်မာနိုင်ငံ တောင်ပိုင်းမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ သူတို့ဟာ ကန်ချနာဘူရီမှာရှိတဲ့ ဒုက္ခသည် စခန်းမှာ နေထိုင်ရင်း မိသားစု တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေက အလုပ်လုပ်ခွင့် မရှိဘူးဆိုတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ အရင်တုန်းက စည်းမျဉ်း သတ်မှတ်ချက်ကြောင့် နိုင်ငံတကာ အထောက်အပံ့တွေကိုပဲ အလုံးစုံ မှီခိုခဲ့ကြရပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေ ကတည်းက ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည် စခန်းတွေ စတင်ဖွင့်လှစ်လာပြီး အခုအခါ အဓိက စခန်းကြီး ၉ ခုရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှုအပြီး တကျော့ပြန် တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးကြောင့် အဲဒီစခန်းတွေမှာ ဒုက္ခသည် ဦးရေက တိုးလာပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့်က ဒုတိယအကြိမ် သမ္မတ ဖြစ်လာပြီး နောက်မှာတော့ အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို ပမာဏ အများအပြား လျှော့ချခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေလည်း အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ ဒုက္ခသည်တွေကို ပြည်တွင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရ မူဝါဒ ပြောင်းလဲလိုက်ခြင်းဟာ အနာဂတ်အတွက် တွေးတော စိုးရိမ်နေရတဲ့ ဒုက္ခသည်တွေကို အများကြီး အသက်ရှူ ချောင်သွားစေခဲ့ပါတယ်။
ကိုထွန်းမင်းလတ်က သစ်သီးတွေ ခူးဆွတ်နေတဲ့အချိန် သူ့ဇနီး မလဲ့လဲ့နဲ့ တခြားအမျိုးသမီး တစ်စုကတော့ မနီးမဝေးမှာ ထုပ်ပိုးဖို့အတွက် ပြင်ဆင်နေပါတယ်။ ပထမဆုံးနေ့မှာ သူတို့ ၅ ဦးအတွက် စုစုပေါင်း လုပ်ခက ဘတ် ၁၀၀၀ လောက် ရခဲ့တယ်လို့လည်း ကိုထွန်းမင်းလတ်က ဆိုပါတယ်။
မိသားစု တကွဲတပြား ဖြစ်နေပေမယ့်လည်း သူ့စိတ်ထဲမှာ ပျော်နေကြောင်း၊ သူတို့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိလာပြီလို့ ခံစားရကြောင်း သူက ပြောပြခဲ့ပါတယ်။
ကိုးကား: Reuters






















































