Connect with us

Hi, what are you looking for?

သတင်း

စောချစ်သူထွက်မ​ပြေးဟု BGF ​ပြောခွင့်ရ​ပြော

ကရင်နယ်ခြား​စောင့်တပ်(BGF) ​ခေါင်း​ဆောင်ဗိုလ်မှူးကြီး​စောချစ်သူဟာ ထွက်​မပြေးပါဘူးလို့ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က​ပြောပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကိုတက်​ရောက်ခဲ့တဲ့ BGF ခေါင်း​ဆောင်​စောချစ်သူ/ရွှေကုက္ကိုလ် မြို့သစ်ကကျားဖြန့်လုပ်ငန်း​တွေကဖမ်းဆီးရရှိတယ်ဆိုတဲ့ ဖုန်း ၊ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်း​တွေ/ ကျားဖြန့်လုပ်ငန်း​တွေကဖမ်းဆီးခံရတဲ့သူ​တွေ နဲ့ထိုင်းဘက်​ထွက်​ပြေးရင်းထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ကဖမ်းဆီးစစ်​ဆေးစဥ်။ဓါတ်ပုံ-The Reporters၊Thai PBS North၊ စစ်​ကောင်စီ

■ကျားဖြန့်လုပ်ငန်း​တွေက ဖုန်း ၊ကွန်ပျူတာ​တွေကိုဖျက်ဆီးဖို့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကအမိန့်​ပေးထားဟုထိုင်းသတင်းဌာန ​ဖော်ပြ

■ကျားဖြန့်တရုတ်သူ​ဌေး​တွေကို ​ရွေ့​ပြောင်း​ပေးတာမရှိဘူးလို့BGF ငြင်းဆို

■စစ်တပ်နဲ့ BGF ကျားဖြန့်အဖမ်းပြ​နေ​ပေမယ့်အ​​မေရိကန်အ​ရေးယူမှု​ရှောင်လွှဲဖို့မလွယ်လို့ဦးဂျိမ်း​ရွှေ​ပြော

နိုဝင်ဘာ-၂၁၊၂၀၂၅။​နေ့သစ်/People’s Spring

Public Service Announcement

Public Service Announcement

ကရင်နယ်ခြား​စောင့်တပ်(BGF) ​ခေါင်း​ဆောင်ဗိုလ်မှူးကြီး​စောချစ်သူဟာ ထွက်​မပြေးပါဘူးလို့ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က​ပြောပါတယ်။

“ကျွန်တော်တို့အကြီးအကဲမှာ ဘာအပြစ်မှမရှိဘူး။ ဘာအပြစ်မှမရှိတဲ့အတွက်ပြေးဖို့ ဘာဖို့လည်း မရှ်ိဘူး။ သူ သူ့အလုပ်သူလုပ်နေတယ်။ သူ့ရဲ့ဒေသဖွံ့ဖြိုးရေးအလုပ်တွေနဲ့ သူမအားလပ်ဘူး။ ကျွန်တော်တို့ကို ညွှန်ကြားစရာရှိတာတွေ ဒီကျားဖြန့်တိုက်ဖျက်ရေး ကိုပြတ်ပြတ်သားသားဆောင်ရွက်ဖို့ညွှန်ကြားတယ်။ပြီးတော့ ကျွန်တော်တို့ အကြီးအကဲက သူ့ဟာသူလမ်းဖောက်တယ်။ဘာသာရေးအဆောက်အဦးတွေဆောက်တယ်။ အဲဒီ့ဘက်တွေသွားကြည့်နေတာရှိတယ်။ကျွန်တော်တို့အကြီးအကဲက ဘယ်မှ မပြေးပါဘူး”လို့ BGF ​ပြော​ရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၀ ရက်မှာထိုင်းသတင်း​ထောက်​တွေရဲ့​မေးမြန်းမှုကို​ဖြေကြားခဲ့ပါတယ်။

ဒါအပြင် အရင်​ပြော​နေကြအတိုင်း စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ BGF က​မြေငှားတာသာဖြစ်ပြီး အွန်လိုင်း​ငွေလိမ်လုပ်ငန်း​(ကျားဖြန့်)မလုပ်လို့ အပြစ်မရှိဘူးလို့လည်းဆိုပါတယ်။​မြေငှားသူ​တွေကသာ ​မြေငှား အ​ဆောက်အအုံ​ဆောက် ၊ဟိုတယ်ဖွင့်ပြီး ဟိုတယ်ထဲဘာလုပ်တယ်ဆိုတာကို ဒီ​ဒေသကိုထိန်းချုပ်ထားတဲ့BGF ကမသိဘူးလို့ဆိုပါတယ် ။ သိ​အောင်လုပ်တဲ့အခါ ကျားဖြန့်​လုပ်တာ​တွေ့လို့အခုလိုအ​ရေးယူတယ်လို့လည်းဆိုပါတယ် ။

​စောချစ်သူဟာ နိုဝင်ဘာ ၇ ရက်က ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကိုတက်​ရောက်ခဲ့ပါတယ်။ ဒါအပြင် နိုဝင်ဘာ ၁၃ ရက်​နေ့က သူ့သမီးကရင်ဒုံးယိမ်းဆုရတာမှာကြိုဆိုခဲ့စဥ်တုန်းကလည်း စောချစ်သူတက်​ရောက်ခဲ့တာ​တွေ့ရပါတယ် ။အဲဒီဓါတ်ပုံ​တွေနောက်ပိုင်းလူမြင်ကွင်းမှာမ​တွေ့ရ​​သေးပါဘူး။ဒါ​ပေမယ့်ကျားဖြန့်အရေးနဲ့ပတ်သက်ပြီးမြဝတီမြို့မှာနိုဝင်ဘာ၁၇ ရက်ကစစ်အုပ်စုနဲ့ ကရင့်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဆွေး​နွေးမှုကို​တော့ ​စောချစ်သူတက်​ရောက်ခဲ့တယ်လို့သိရပါတယ်။အဲဒီ​တွေ့ဆုံ​ဆွေး​နွေးမှုဟာ အဆင်မ​ပြေခဲ့ဘူးလို့ သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

စစ်တပ်နဲ့ BGF ပူး​ပေါင်းပြီး​တော့ ​ နိုဝင်ဘာ ၁၈ ရက်ကစလို့ ရွှေကုက္ကိုလ် မြို့သစ်မှာကျားဖြန့်နှိမ်နင်း​ရေးဆိုပြီး အ​​ဆောက်အအုံအချို့ကို စီးနင်းပြီး အဲမှာရှိတဲ့နိုင်ငံခြားသား​တွေနဲ့ ဖုန်း​တွေ၊ကွန်ပျူတာ​တွေ ကိုဖမ်းဆီး​နေတာပါ ။ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက် အခြေစိုက်လုပ်ကိုင်နေတဲ့ ကျားဖြန့် လုပ်ငန်း​တွေကိုအထူးစစ်ဆင်ရေး တရပ်အဖြစ် နှိမ်နှင်းသွားမယ်လို့ဆိုပြီး ၃ ရက်အတွင်း လူ ၉၀၀ ​ကျော်ဖမ်းဆီးထားတယ်လို့ နိုင်​မောင်​ဇော်က​ပြောပါတယ် ။ အများစုက တရုတ်နိုင်ငံသား​တွေလို့လည်းသိရပါတယ်။ အဲဒီဖမ်းဆီးမှုက​နေ ဖုန်းဟန်းဆက် နှစ်​သောင်း​ကျော် ၊ကွန်ပျူတာ ၊လက်ပ်​တော့ အလုံး ၂၆၀၀ ​ကျော်ဖမ်းဆီးခဲ့ပြီး စစ်တပ်ကိုအပ်နှံထားတယ်လို့ဆိုပါတယ်။

ဒါ​ပေမယ့် ထိုင်းသတင်းဌာန Thai PBS North က အာဏာသိမ်းဒု​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကျားဖြန့်လုပ်ငန်း​တွေက သိမ်းဆည်းရရှိတဲ့ မိုဘိုင်းဖုန်း​တွေ ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း​တွေကို ဖျက်ဆီးဖို့အမိန့်​ပေးထားတယ်လို့​ နိုင်ဝင်ဘာ ၁၉ ရက်မှာဖော်ပြထားပါတယ် ။ မဖျက်ဆီးရင် အ​ရေးယူခံရမယ်လို့လည်းဆိုပါတယ် ။အခုကျားဖြန့်​တွေဖမ်းဆီးတာကို အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် နဲ့ ဒု​ခေါင်း​​ဆောင် စိုးဝင်းတို့က အမိန့်နဲ့ ညွှန်ကြားတာဖြစ်တယ်လို့ BGF ​ပြော​ရေးဆိုခွင့်ရှိသူက ထိုင်းသတင်း​ထောက်​တွေကို​ပြောပါတယ်။

ဒါ​ကြောင့် စစ်တပ်နဲ့ BGF က ကျားဖြန့်နှိမ်နင်း​ရေးလုပ်တာလား၊သက်​သေ​တွေ​ဖျောက်ဖို့ကြိုးစား​နေတာလားဆိုတဲ့ ​မေးခွန်း​တွေလည်း ထွက်​ပေါ်​နေပါတယ်။

အ​မေရိကန် အစိုးရက နိုဝင်ဘာ ၁၂ ရက်​နေ့မှာ အ​မေရီကန်နိုင်ငံသား​တွေကို ကျားဖြန့်လုပ်ငန်း​တွေက​နေ​ငွေ​ကြေးလိမ်လည်တဲ့အတွက် DKBA ​ခေါင်း​ဆောင် ၄ ဦးကို အ​ရေးယူဒဏ်ခတ်​ကြောင်း​ကြေညာပါတယ် ။ BGF ​ခေါင်း​​ဆောင်နဲ့ ဆက်စပ်လုပ်ငန်း​တွေကို အ​မေရိကန်ကအရင်ကတည်းကပိတ်ဆိုအ​ရေးယူခဲ့တာပါ။

ဒါအပြင်အမေရိကန်ကဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI)၊အထူးလျှို့ဝှက်ထောက်လှမ်း ရေးဌာန၊ တရားရေး ဝန်ကြီးဌာန၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဦးစီးဌာနတွေ ပူးပေါင်းပြီး ကျားဖြန့် (အွန်လိုင်း​ငွေလိမ်လုပ်ငန်း)နှိမ်နင်းရေး အထူးတပ်ဖွဲ့ (Scam Centre Strike Force-SCSF) ဖွဲ့စည်း​ကြောင်း​ကြေညာခဲ့ပါတယ်။အဲဒီတပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေထဲက ကျားဖြန့် ကွန်ရက်တွေကို ဖြိုခွဲဖို့၊ သားကောင်ဖြစ်ခဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ် ​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းက​တော့ အ​မေရိကန်ရဲ့ ကျားဖြန့် နှိမ်နင်းရေး အထူးတပ်ဖွဲ့ ဖွဲ့တာရဲ့​နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ပို​ကြီးမားတဲ့ အစီအစဥ်​တွေရှိ​နေနိုင်တယ်လို့ဆိုထားပါတယ်။

အ​မေရိကန်ကအထူးတပ်ဖွဲ့ ဖွဲ့စည်း​​ကြောင်း​ကြေညာပြီး​နောက်​နေ့မှာပဲ တရုတ်အစိုးရကလည်း တရုတ်နိုင်ငံ၊ကူမင်းမြို့မှာမြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့တက်​ရောက်ပြီးမဲ​ခေါင်-လန်ချာ ​၆ နိုင်ငံကျားဖြန့်တိုက်ဖျက်​ရေးပူး​ပေါင်းလုပ်ကိုင်မယ်လို့ဆိုပါတယ်။

အ​မေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့ ဖွဲ့စည်း​ကြောင်း​ထုတ်ပြန်ပြီး ငါးရက်အကြာမှာ BGF နဲ့စစ်တပ်တို့က ကျားဖြန့်နှိမ်နင်း​ရေးအထူးစစ်ဆင်​ရေးစပြီလို့ ​ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ​ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်း​တွေဖမ်းဆီးတယ်ဆို​ပေမယ့် လူ​ပေါင်း ​​သောင်းချီရှိတဲ့​နေရာမှာ အခုဖမ်းဆီးတာက ရာဂဏန်းပဲ ဟန်ပြဖမ်းဆီးတာဖြစ်တယ်လို့ ကျားဖြန့်လုပ်ငန်း​တွေမှာလုပ်ခဲ့သူအချို့နဲ့ ​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။ဒါအပြင် ကျားဖြန့်လုပ်ငန်း​တွေကိုအဓိကလုပ်ကိုင်တဲ့ သူ​ဌေးနဲ့ ကုမ္ပဏီကတာဝန်ရှိသူ​တွေကို BGF က​နေရာ​ရွေ့​ပြောင်း​ပေးခဲ့တယ်လို့ သတင်း​​တွေလည်းထွက်​နေပါတယ်။ ဒီအ​ပေါ် BGF ​ပြော​ရေးဆိုခွင့်ရှိသူက ငြင်းဆိုပါတယ်။

“သူဌေးတွေကကျွန်တော်တို့ဆီမှာမနေပါဘူး။ သူဌေးတွေက ဒီလိုနေရာသေးသေးလေးမှာ ဘာမှ ဇိမ်ခံစရာကောင်းစရာလည်းမရှိတဲ့ နေရာမှာမရှိပါဘူး။ သူတို့က ရှင်းရှင်းပြောရင် ကျွန်တော်လေ့လာသလောက်ဆို ရေလည်ချမ်းသာတဲ့သူတွေက သူတို့လုံခြုံပြီးတော့မှ ဒီလောက်ပြဿနာတွေရှုပ်ထွေးတဲ့နေရာမှာ ဘယ်သူဌေးမှလည်း မနေပါဘူး။ ဆိုလိုရင်းက နောက်ပြီးတော့ ရေမြေပထဝီအနေအထားအရ ကြည့်မယ်ဆိုရင်လည်း မကောင်းတာလုပ်တဲ့သူကတော့ ပြေးလို့လွယ်တဲ့နေရာမှာပဲ သူနေမှာပေါ့။ ဆိုလိုချင်တာက ကျွန်တော်တို့ဆီမှာအဲဒီ့သူဌေးတွေနဲ့ပတ်သက်ပြီး‌ရွှေ့ပြောင်းထားတာ လုံးဝမရှိပါဘူး” လို့နိုင်​မောင်​ဇော်က​ပြောပါတယ်။

ကျားဖြန့်ကတရုတ်နိုင်ငံသားတွေကိုနိုဝင်ဘာ ၁၇ ရက်ညမှာပဲBGF အမှတ်(၂)စစ်ဒေသဌာနချုပ် သေ့ကတေစံပြကျေးရွာထဲ ရွှေ့ပြောင်းပေးနေတာရှိတယ်လို့ ကရင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။KK Park က အရေးကြီးတဲ့ တရုတ်နိုင်ငံသားတွေ သေ့ကတေကို ရောက်လာပြီး တရုတ်သူဌေးတွေကို BGF က လုံခြုံရေးယူပေးရတယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

သေ့ကတေ စံပြကျေးရွာဟာ ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ်(၂)စစ်ဒေသဌာနချုပ်ဖြစ်ပြီး ရွှေကုက္ကိုလ်မြို့သစ်ရဲ့အနောက်မြောက်ဘက် ဒေါနတောင်ခြေအရှေ့ဘက်ခြမ်းမှာ တည်ရှိတာဖြစ်ပါတယ်။

​​ရွှေကုက္ကိုလ်ကျားဖြန့်လုပ်ငန်း​တွေကိုဖမ်းဆီးတာမှာ KK Park ထဲကလိုအ​ဆောက်အအုံ​တွေကိုဖျက်ဆီးဖို့မရှိဘူးလို့လည်းဆိုပါတယ် ။ ကျားဖြန့်လုပ်ငန်း​တွေကို ဝင်​ရောက်ဖမ်းဆီးတာမှာ ထွက်​ပြေးလွတ်​မြောက်သူမရှိ​အောင် စစ်တပ် ၊ရဲတပ်ဖွဲ့ နဲ့ BGF ပူး​ပေါင်းပြီး ပိတ်ဆို့ဖမ်းဆီး​နေတယ်လို့ဆိုပါတယ်။ ဖမ်းဆီးရရှိသူ​တွေကို အရင်လိုထိုင်းကိုတန်းမလွှဲပဲစစ်​ကောင်စီဆီကိုလွှဲ​ပြောင်း​ပေးမယ်လို့ဆိုပါတယ်။စစ်တပ်နဲ့ BGF ​တွေဖမ်းဆီးမှု​ကြောင့်ကျားဖြန့်လုပ်ငန်း​တွေကဆယ်နဲ့ချီတဲ့ နိုင်ငံခြားသား​တွေ ထိုင်းနယ်စပ်ကိုဖြတ်​ကျော်ထွက်​ပြေးလာလို့ ထိုင်းအာဏာပိုင်​တွေက ဖမ်းဆီးထားတယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

​ရွှေကုက္ကိုလ်မှာကျားဖြန့်နှိမ်နင်း​ရေးလုပ်​နေတယ်ဆိုတဲ့ BGF ကို ဖမ်းဆီး​ရေးက ဘယ်နှစ်ရာခိုင်နှုန်းပြီးပြီး ဘယ်​လောက်ကျန်​သေးလဲလို့ ထိုင်းသတင်း​ထောက်​တွေက​မေးတာကို အချိန်ကာလအ​နေနဲ့​ရော ရာခိုင်နှုန်းနဲ့​ပြောဖို့ခက်တယ်လို့ နိုင်​မောင်​​​ဇော်က​ပြောပါတယ်။ဒါ​ပေမယ့် ဆက်ပြီးဖမ်းဆီးသွားမယ်လို့ဆိုပါတယ်။

စစ်တပ် နဲ့ BGF တို့က ကျားဖြန့်နှိမ်နှင်း​ရေးဟန်ပြလုပ်​နေ​ပေမယ့် အ​မေရီကန်ရဲ့ အ​ရေးယူမှုကို​ရှောင်လွှဲနိုင်ဖို့ မလွယ်ဘူးလို့ အမေရိကန်ရောက်မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက​ပြောပါတယ်။ အ​မေရီကန်မှာ လွှတ်​တော် ကြားနားပွဲ​မှာပါ ကျားဖြန့်နှိမ်နင်း​ရေးအတွက်အ​လေးအနက်​ဆွေး​နွေး​နေကြသလို ဥပ​ဒေပါပြဌာန်းဖို့လုပ်​နေတယ်လို့လည်းသူကဆက်​ပြောပါတယ်။

“ဒီက သတင်းစာတွေထဲမှာ ရေးတာတာကလည်း စစ်တပ်နဲ့ BGF နဲ့ လုပ်တဲ့ကိစ္စက for show ပေါ့။ တကယ် သူတို့ ထိထိရောက်ရောက်လုပ်တာ မဟုတ်ဘူးပေါ့။ သတင်းစာတွေက ရေးတာဆိုရင် သူတို့ ယိုးဒယားတွေလည်း မယုံ၊​ဘယ်သူမှ​မယုံရဘူးပေါ့နော်။ အကုန်လုံးက ပိုက်ဆံများတော့လေ corrupt ဖြစ်နေတယ်ပေါ့။ အခု စောစောလေးကတင် analysis ပေါ့။ report တစ်ခုထွက်လာတယ်။ အဲဒီ တရုတ်က ကျားဖြန့်လုပ်ငန်းတွေကို နောက်ကွယ်ကနေ မသိမသာ အထောက်အကူပြုပြီးတော့ ဘယ်လိုနိုင်ငံရေးလုပ်နေလဲဆိုတာ၊ အရှေ့တောင်အာရှမှာ သူ့သြဇာညောင်းအောင်လို့ပေါ့”လို့ ဦးဂျိမ်း​ရွှေက​ပြောပါတယ်။

ဆက်စပ်သတင်းများ