Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသ ခဲသတ္တုလုပ်ကွက်တွေကို စစ်ကောင်စီ ဗုံးကြဲ၊ လုပ်သားတွေ ထိခိုက်သေဆုံးမှုများဟု ကနဦးသတင်းရ

ကရင်နီပြည်နယ်၊ မော်ချီးဒေသ ခဲသတ္တု လုပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ လုပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ကနဦးသတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်က လူ ၃၀ကျော်သေဆုံးခဲ့ရတဲ့ မော်ချီးဒေသ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်။ဓာတ်ပုံ - JFK

နိုဝင်ဘာ-၂၁၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ မော်ချီးဒေသ ခဲသတ္တု လုပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ လုပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ကနဦးသတင်းရရှိပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၂၁ ရက်) မနက် ၁၀နာရီဝန်းကျင်မှာ မော်ချီးဒေသက နေရာသုံးခုကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့တာလို့ ဒေသခံနဲ့ စစ်ရှောင်အရေးကူညီသူအချို့က ဆိုပါတယ်။

“ အခုထိတာ အကုန်လုံးက လုပ်သားတွေချည်းပဲ။ခဲမျော လုပ်တဲ့နေရာ။လေယာဥ်မလာတာလည်းနည်းနည်းကြာပြီဆိုတော့ခဲ တွေထွက်လုပ်ကြတာ။မိုးအေးအေးနဲ့ဗျာ” လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူတွေများပြီး အမျိုးသမီးတွေလည်းပါတယ်လို့ ၎င်းက အသိပေးပါတယ်။

ကနဦးထိခိုက်သေဆုံးမှုအချက်အလက်တွေအရ သေဆုံးသူ အမျိုးသားငါးဦးရှိပြီး ထိခိုက်သူတွေများကာ ဆေးရုံသို့ ပို့ဆောင်နေတယ်လို့ စစ်ရှောင်နဲ့ ဒေသတွင် လူမှုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုဆက်နောင်က ပြောပါတယ်။

“ သုံးနေရာကို လာကြဲတယ်။လေယာဥ်တစ်စီးပဲ မဖြစ်နိုင်ဘူး။ဆက်တိုက်လာတာမျိုး။ပထမတစ်စီးလာကြဲ ပြီး နောက် နှစ်မိနစ်သုံးမိနစ်နေရင် နောက်တစ်စီးက လာကြဲသွားတဲ့ပုံစံမျိုး” လို့ ၎င်းက ပြောပါတယ်။

တိုက်ပွဲလုံးဝမရှိတဲ့ မော်ချီးဒေသကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ နဲ့သတ်ဖြတ်တာဖြစ်ပြီး လူထု စားဝတ်နေရေး ကြပ်တည်းအောင် လုပ် ဆောင်နေတာလို့လည်း ကရင်နီ အရပ်ဖက် အဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

သတ္တုတူးဖော်တဲ့ ဒေသခံနဲ့ ရွှေ့ပြောင်းလုပ်သား များစွာရှိနေတဲ့ မော်ချီးဒေသမှာ တိုက်ပွဲလုံးဝမရှိပေမယ့် စစ်ကောင်စီက ၂၀၂၅ မတ်လနောက်ပိုင်းကစလို့ သြဂုတ်အထိ တလအနည်းဆုံး နှစ်ကြိမ် လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

သြဂုတ် ၁၇ရက်မှာ မော်ချီးဒေသက လိုခါးလိုကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံ၊ ရွှေ့ပြောင်းလုပ်သားနဲ့ ကလေးငယ်တွေအပါအဝင် ၃၂ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီမတိုင်ခင်က မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှုတွေမှာလည်း အရပ်သား ၂၀ ကျော်သေဆုံးထားရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံ တကာအစိုးရတွေအနေနဲ့ အရေးယူပေးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ