နိုဝင်ဘာ-၂၁၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဓားစာခံအဖြစ်ပြည်သူတွေ ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း The Pentagram-ငါးထောင့်ကြယ်အဖွဲ့မှ တာ၀န်ရှိသူတဦးက ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၂၀ ရက် မနက် ၁၁နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပိုင်းမှာရှိတဲ့ ချောင်းဦးမြို့နယ်၊ ရေပိုးစားကျေးရွာ ဘုန်းကြီးကျောင်းကို အင်အား ၅၀ ခန့်နဲ့ ဝင်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း The Pentagram-ငါးထောင့်ကြယ် အဖွဲ့မှ တာ၀န်ရှိသူတဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ လမ်းတလျှောက်က နှမ်းရိတ်တောင်သူ ၃၀ ကနေ ၅၀ကြား ဖမ်းဆီးလာတယ်လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
“ ကားလမ်းမပေါ်ကမဟုတ်ဘဲ ကားလမ်းရဲ့နောက်ကျော ဆည်ပေါင်ပေါ်ကနေ ဂွေးပင်တောဘုန်းကြီးကျောင်းထဲကို ချိုးဝင်လာတာ။ ဘုန်းကြီးကျောင်းထဲမဝင်ခင် အရှေ့တစ်ပွိုင့်မှာ မဟာမိတ်အဖွဲ့တစ်ဖွဲ့ရဲ့ တိုက်မိုင်းရှိတယ်။ သူတို့ တိုက်မိုင်းအရင်ထိတယ်။ ထိတဲ့အခါမှာ ဓားစာခံတွေကို ဝပ်ခိုင်းထားတယ်။ ဝပ်ခိုင်းပြီးတော့မှ ဘုန်းကြီးကျောင်းထဲ ဝင်လာတာ။ အဲဒီအနေအထားမှာ ဓားစာခံတွေမထိလိုက်ဘူး” လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ပြည်သူတွေကတော့ မနေ့ကညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို PENTAGRAM. LPDFအဖွဲ့နဲ့ နွေဦးလူငယ် LPDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
မနေ့ကပဲ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တချို့ တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။















































