■ စနစ်တကျစီစဥ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဖြစ်ပြီး ၊အကဲဆတ်ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့ နိုင်ငံ
ရေးသိက္ခာချမှုလို့ မကြည်ပြာတုန့်ပြန် ၊စွပ်စွဲချက်တွေ ဖြေရှင်းသွားမယ်ဟုဆို
နိုဝင်ဘာ-၂၁၊၂၀၂၅။ People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ဟာမလျော်ကန်တဲ့အပြုအမူတွေပြုလုပ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေက NUG ယာယီသမ္မတ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ဆီကိုနိုဝင်ဘာ၁၉ရက်နေ့စွဲနဲ့တိုင်ကြားစာပေးပို့ခဲ့ပါတယ်။

Public Service Announcement
မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်တာ ၊ အလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ ဝန်ထမ်းတွေအပေါ် နဲ့ တော်လှန်ရေးအစိုးရ အတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ် ဆောင်ရွက်နေတာလို့ တိုင်ကြားသူတွေက စွပ်စွဲထားပြီး ထိရောက်စွာ အရေးယူဖို့ တိုင်ကြားထားတာပါ။
တိုင်ကြားသူဝန်ထမ်း ၁၂ ဦးရဲ့ တော်လှန်ရေးအမည်တွေနဲ့ တိုင်ကြားထားတာဖြစ်ပြီး ရုံးအဖွဲ့ဝင်တွေ၊ ဦးစီးအရာရှိ၊ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်မှူး၊တွဲဖက်အတွင်းဝန်၊ ယာဉ်မောင်း စသူတွေ ပါဝင်တာကို စာမှာ တွေ့ရပါတယ်။ တိုင်ကြားစာမှာအမြဲတန်းအတွင်းဝန် မကြည်ပြာရဲ့မောက်မာမှု၊မလျော်ဩဇာသုံးစွဲမှု၊ အလွဲသုံးစားမှု၊ အထက်ဖားအောက်ဖိစရိုက်တွေကြောင့် ၂၀၂၂ ကနေ ၂၀၂၅ အတွင်း ဝန်ကြီးချုပ်ရုံး ဝန်ထမ်း ၁၉ဦး ရုံးကို စွန့်ခွာခဲ့ကြတယ်လို့ တိုင်စာမှာ စွပ်စွဲထားပြီး မကြည်ပြာဟာပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဝန်ကြီးချုပ်ကိုပါ ကြိုးကိုင်ချယ်လှယ်တယ်လို့ စာမျက်နှာ၂၅ မျက်နှာရှိပြီးအချက်ပေါင်း ၂၀ ပါဝင်တဲ့တိုင်ကြားစာမှာစွပ်စွဲရေးသားထားပါတယ်။
တိုင်ကြားစာအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စုံစမ်းစစ်ဆေးပေးဖို့၊ စုံစမ်းစစ်ဆေးရာမှာပေါ်ပေါက်တဲ့အတိုင်းသက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အရေးယူပေးဖို့ ၊ နစ်နာသူတွေကိုကုစားပေးဖို့ နဲ့ နှောက်ယှက်ခြင်းမရှိစေရေးကာကွယ်မှုပေးဖို့ တိုင်ကြားစာမှာ မေတ္တာရပ်ခံထားပါတယ်။
တိုင်စာနဲ့ပတ်သက်ပြီး ကာယကံရှင်မကြည်ပြာက ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြန်လည်ရှင်းလင်းထားပါတယ်။
“ကျမအနေနဲ့ ပါတီဝင်ဖြစ်ခဲ့တဲ့၂၀၁၀ မှစလို့ ၂၀၁၅-၂၀၂၀ လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၅ နှစ်တာကာလအမဲစက်တခုမရှိဘဲတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာကျမမိတ်ဆွေများရော ကျမမဲဆန္ဒရှင်ပြည်သူများပါ အသိဖြစ်ပါတယ်။ အဲ့သလိုပဲ ဒီတော်လှန်ရေးမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ယနေ့အချိန်အထိတော်လှန်ရေးကိုတစိုက်မတ်မတ်မျက်နှာမူပြီး လိပ်ပြာသန့်သန်နဲ့ဆောင်ရွက်ခဲ့ပါတယ်။ဒါပေမယ့်ဒီလိုမျိုး သေးငယ်တဲ့ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တခုကိုအရင်းပြုပြီး စနစ်တကျစီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို ပထမဦးဆုံးကြုံရခြင်းပဲဖြစ်ပါတယ်။” လို့ မကြည်ပြာက ရေးသားထားပြီး အမြန်ဆုံးစုံခုံဖွဲ့ စစ်ဆေးဖို့ တာဝန်ရှိသူတွေဆီတောင်းဆိုထားကာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးပါတယ်။
နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးသိက္ခာချတာကိုလက်ခံမှာမဟုတ်ဘူးလို့လည်း မကြည်ပြာက ရေးသားထားပါတယ်။
“အဲ့ဒီအတွက်လည်း NUG တာဝန်ရှိသူများကို အမြန်ဆုံးစုံခုံဖွဲ့ စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုထားပြီး၊ ကျမအနေနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ် ဆိုတာတွေကို တင်ပြထားပါတယ်။” လို့ အသိပေးထားပါတယ်။
ဒါ့အပြင် သတင်းမှားတွေကို သတင်းမီဒီယာကိုအင်တာဗျူးသူတွေ၊ တိုင်ကြားခြင်းကိုဦးဆောင်ခဲ့သူတွေအနေနဲ့လည်း မိမိလုပ်ရပ်အပေါ်တာဝန်ယူရမှာဖြစ်ကြောင်း မကြည်ပြာကဆိုပါတယ်။
“ဥပမာအားဖြင့် ဝန်ထမ်းများအတွက် နေထိုင်ခွင့်အထောက်အထားမပြုလုပ်ပေးဘူးဆိုတဲ့ကိစ္စဟာ လုံးဝမှားယွင်းနေသလို၊ဝန်ထမ်း ၈ ယောက်လောက်ကိုအခန်းကျဉ်းတခုပဲပေးထားပြီး နေ့တိုင်းရုံးတက်ရတယ်ဆိုတဲ့ကိစ္စမျိုး၊ ငွေကြေးတွေစာရင်းပျောက်ကိစ္စမျိုး၊ ခွေးလေးတွေအတွက် တလဘတ်တသောင်းကျော်သုံးတယ်ဆိုတဲ့ကိစ္စမျိုး စတာတွေဟာအချက်အလက်တွေတော်တော်လွဲမှားနေပြီး တချို့အကြောင်းအရာတွေကတော့ စွပ်စွဲချက်လို့ပြောရမှာတောင် အတော်လေးခက်တဲ့အနေအထားပါ”လို့သူကရေးသားထားပါတယ်။
“အိမ်သာခွဲသုံးတဲ့ကိစ္စလိုမျိုး၊ ခွေးလေးတွေနဲ့အတူတူရုံးတက်ရတယ်ဆိုတဲ့ကိစ္စလိုမျိုးပေါ့။ ဒါတွေကအတော်လေးအခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေဖြစ်ပါတယ်”လို့ မကြည်ပြာကရေးသားထားပါတယ်။စွပ်စွဲချက်တွေအတွက် လိုအပ်ရင်လိုအပ်သလို ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒီတိုင်စာနဲ့ပတ်သက်ပြီး NUG ကတာဝန်ရှိသူတွေ တွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ People’s Spring ကြိုးစားနေဆဲဖြစ်ပါတယ်။


















































