Connect with us

Hi, what are you looking for?

သတင်း

စစ်ဗိုလ်ချုပ်တွေအာဏာတည်နေသရွေ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေဆက်ပြီးရှင်သန်ကြီးထွားနေမယ်လို့ CRPH သတိပေး

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ အကျိုးစီးပွားတူ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခွင့်ပြုကြခြင်းဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိနေသည်ကိုလည်း အရင်းအမြစ်များစွာက ဖော်ပြနေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က နိုဝင်ဘာ ၂၁ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရွှေကုက္ကိုလ်ရှိ ငွေလိမ်ဂိုဏ်းစင်တာတွေကို စစ်တပ်နဲ့ BGFတာဝန်ရှိသူတွေ ဝင်ရောက်နေစဉ်။ ဓာတ်ပုံ - The Reporters

ငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာကြားနာပွဲ အမေရိကန်အစိုးရထံ တိုက်တွန်းမှုအမြန်အကောင်အထည်ဖော်ဖို့လိုဟု ဖော်ပြ

နိုဝင်ဘာ-၂၂၊ ၂၀၂၅။ ပုရစ်/People’s Spring

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ အကျိုးစီးပွားတူ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခွင့်ပြုကြခြင်းဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိနေသည်ကိုလည်း အရင်းအမြစ်များစွာက ဖော်ပြနေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က နိုဝင်ဘာ ၂၁ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“စစ်ဗိုလ်ချုပ်များ အာဏာတည်မြဲနေသရွေ့ ယင်းလုပ်ငန်းများသည်လည်း ဆက်လက်ရှင်သန် ကြီးထွားနေမည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အဆိုပါငွေလိမ်မှုလုပ်ငန်းများကို အဆုံးသတ်ရန် ကြိုးပမ်းနေသည်ဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်သည်ကိုလည်း သတိပြုစေလိုပါသည်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲတရပ်ကို မကြာသေးခင်ရက်က အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျင်းပခဲ့မှုအပေါ် CRPHက ကြိုဆိုကြောင်း ဖော်ပြရာမှာ အထက်ပါအတိုင်း သတိပေးခဲ့တာပါ။

“ယခုကွန်ဂရက်ကြားနာပွဲမှတစ်ဆင့် အမေရိကန်အစိုးရသို့ တိုက်တွန်းမှုများသည် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန် လိုအပ်ပါသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း အမေရိကန်ကွန်ဂရက်က ထိရောက်သော ဆောင်ရွက်ချက်များကို ချမှတ်သွားလိမ့်မည်ဟု အခိုင်အမာယုံကြည်ပါသည်။” လို့လည်း CRPHက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်မှာ CRPHနဲ့ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေ တွေ့ဆုံမှုအပြီး စီစဉ်ကျင်းပတဲ့ ကြားနာမှု တစ်ရပ်ဖြစ်ပြီး အဲဒီ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများအကြောင်းလည်း မျှဝေဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

“မိမိတို့၏ တင်ပြချက်များကို အလေးအနက်ထား၍ ယခုကြားနာမှုတွင် ထည့်သွင်းပြောဆိုခဲ့မှုအတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။ ယခုကြားနာမှုသည် မြန်မာပြည်သူများ၏ အသံကို များစွာ ထင်ဟပ်ခဲ့ပြီး ယခုထက် ပိုမိုထိရောက်သော ဆောင်ရွက်ချက်များကိုလည်း အမေရိကန်အစိုးရနှင့် လွှတ်တော်တို့ထံမှ မျှော်လင့်လျက်ရှိသည်ကိုလည်း ဖော်ပြလိုပါသည်” လို့ CRPHက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုက တိုင်းပြည်အာဏာကို ချုပ်ကိုင်နိုင်နေခြင်းဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများကိုသာ ထိခိုက်နေသည်သာမက ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူတွေနဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွား၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်လို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်နိုင်ရေး လက်တွဲလုပ်ဆောင်ကြဖို့လည်း CRPHက နိုင်ငံတကာအသိုက်အဝန်းအား ထပ်လောင်းတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်တွင်း နိုဝင်ဘာ၁၉ ရက်နေ့မှာလုပ်ခဲ့တဲ့ ကြားနာမှု အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော် အမတ်တချို့က ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ လွှတ်တော် အမတ်တွေဖြစ်တဲ့ အမီဘီရာ၊ ယန်ကင်မ်၊ ဆစ်ဒနီ ကမ်လာဂါ ဒို့ဗစ်နဲ့ ဘီလ် ဟွိုင်ဇင်ဂါတို့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အဲဒီ ကြားနာမှုအစီအစဉ်ဟာမြန်မာပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်မှုတွေကို ပါတီစွဲတွေ မပါဘဲ လွှတ်တော် တစ်ရပ်လုံးက အားကောင်းတဲ့ ထောက်ခံမှုမျိုး ပြသခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ အနာဂတ်ကို အားပေး ထောက်ခံကြောင်းပြသမှု တစ်ခုအဖြစ် အမေရိကန် အစိုးရ အနေနဲ့ မကြာခင်မှာ အာဏာသိမ်း မြန်မာစစ်တပ်ကကြီးမှူးကျင်းပမယ့်ရွေးကောက်ပွဲကိုအတိအလင်းရှုတ်ချဖို့လည်း လွှတ်တော် အမတ်တွေက တောင်းဆိုခဲ့ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအတုအယောင် တစ်ခုသာ ဖြစ်တယ်လို့လည်း ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ နိုင်ငံအများအပြားရဲ့ အမျိုးသားအကျိုးစီးပွားကို ကြီးမားစွာ ထိခိုက်နေလျက်ရှိတာကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေက အစဉ်တစိုက် အသိပေးတင်ပြမှုများ ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုတိုက်တွန်းခဲ့ဟုလည်း CRPH ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူလူထုရဲ့ လုံခြုံမှုအား ဆိုးဆိုးရွားရွား ထိခိုက်နေတဲ့အတွက် ပြီးခဲ့တဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံက ချမှတ်အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ အစိုးရတွေက အကောင်အထည်ဖော်ရေးအတွက် ဆက်လက်ကြိုးပမ်းကြဖို့လည်း CRPHက နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ အဖွဲ့ဝင်လွှတ်တော်တွေကို ထပ်မံ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ