နိုဝင်ဘာ-၂၂ ၊ ၂၀၂၅။ဇော်ဝင်း /People’s Spring
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း(၅)တာဝန်ရှိသူက က လူထုနွေဦးကို ပြောပါတယ်။

အခုနိုဝင်ဘာတတိယပတ်က ဖရူဆိုနဲ့ ဘောလခဲမြို့နယ်ကြား ရှေ့တန်းတနေရာမှာ ကရင်နီတပ်မတော် ဆီ လက်နက်နဲ့အတူ အလင်းဝင်လာတာလို့ ဆိုပါတယ်။
“သူက ခမရ(၅၃၁)တပ်က ။စစ်တပ်ထဲ သုံးနှစ်လောက်ရှိပြီလို့ ပြောတယ်။၁၄ တပ်ကနေ နန်းဖဲဘက်ကနေထိုးဆင်းတဲ့ စစ်ကြောင်းကနေထွက်လာတာ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီက ဖရူဆို -ဘောလခဲလမ်းမကြီးကို ထိန်းချုပ်ဖို့ လွန်ခဲ့တဲ့နှစ်လကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုများနေရာ လမ်ပိုင်းကိုလည်း မထိန်းချုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်က ၁၄တပ်ပတ်၀န်းကျင်မှာပဲ ရှိသေးတယ် ပြောရမယ်”လို့ ကရင်နီတပ်မတော် တပ်ရင်း(၅)တာဝန်ရှိသူက ပြောပါတယ်။
ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ အမှတ်(၅၃၁) ခြေမြန်တပ်ရင်း(ခမရ-၅၃၁)နဲ့ (ခမရ-၄၂၈) တပ်ရင်း တွေရှိပါတယ်။
ဘောလခဲမှာလည်း စစ်ကောင်စီအခြေချစစ်ဗျူဟာအပြင် အမှတ် (၄၂၉)ခြေမြန်တပ်ရင်း(ခမရ -၄၂၉)၊ခမရ(၄၃၀)နဲ့ ခလရ(၃၃၇)တပ်ရင်းတွေအပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) လက် အောက်ခံ တပ်ရင်းတွေရောက်နေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်၊ ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်လို့ အဲဒီလမ်းပိုင်းကို အသုံးမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားပါတယ်။


















































