နိုဝင်ဘာ-၂၂၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ(Gyrocopter)နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင် ၃ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒီကနေ့(နိုဝင်ဘာ ၂၂ရက်) မနက် ၁၁နာရီ ၄၅မိနစ်ခန့်က မုံရွာမြို့နယ် ကျေးရွာတရွာမှာ စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦး သေဆုံးသွားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး ၊ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးတို့ နေရာတင် ဦးခေါင်းများ ပွင့်ထွက်ကာ သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement
အဲဒီ ဂျိုင်ရိုကော်ပတာ ၃စီးဟာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာခဲ့ပြီး နမခနဲ့ (၇)မိုင် ၊ အမြောက်တပ်နဲ့ (၁)မိုင်သာဝေးတဲ့ ကျေးရွာတွေကို ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
သေဆုံးသူ ၃ဦးဟာ မိသားစုဝင်တွေလို့ သိရပါတယ်။
သေဆုံးသူ ၃ဦးဟာ နေအိမ်တစ်လုံးထဲမှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ လက်တလောလုံခြုံရေးအခြေအနေရ တိုက်ခိုက်ခံရတဲ့ ကျေးရွာအမည်ကို တော်လှန်ရေးအင်အားစုတွေက ဖြေကြားခြင်း မရှိသေးပါဘူး။
စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲနီးကပ်လာချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။


















































