နိုဝင်ဘာ-၂၂၊ ၂၀၂၅။ ပုရစ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့(နိုဝင်ဘာ ၂၂ရက်) မွန်းလွဲပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ထပ်မံလုပ်ခဲ့တယ်လို့ မင်းတပ်ဒေသခံက ပြောပါတယ်။
ယနေ့ မွန်းလွဲ ၂နာရီခွဲကစပြီး လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သလို စက်သေနတ်နဲ့လည်း ရမ်းသန်း ပစ်ခတ်သွားကြောင်း ပြောပါတယ်။
” လူအထိအခိုက်မရှိဘူး။ နေအိမ်အချို့ထိတယ်လို့ပဲ ကြားတယ်” လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ ချင်းညီနောင်တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို မကြာခဏ လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာပါ။
ချင်းရေးရာအဖွဲ့ချုပ်ရဲ့ နိုဝင်ဘာလလယ်ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ ချင်းပြည်နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၅၀ ကျော်ပြုလုပ်ခဲ့ရာ မင်းတပ်မြို့နယ်ကို အများဆုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြိမ်ပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေးကို ရေတွက်ရာမှာ တရက်အတွင်း တိုက်ပွဲနေရာကို လေကြောင်း တိုက်ခိုက်မှု ၁၀ခါ ပြုလုပ်ပါက တကြိမ်ဟု ရေတွက်ထားတာလို့ ချင်းရေးရာအဖွဲ့ချုပ်က အသိပေးထားပါတယ်။
စစ်ကောင်စီဟာ မင်းတပ်မြို့အပါအဝင်လက်လွှတ်ဆုံးရှုံးထားရတဲ့ ချင်းပြည်နယ်က နယ်မြေတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး လေကြောင်း တိုက်ခိုက်တာအပြင် မြေပြင်ထိုးစစ်တွေ ပြုလုပ်လျက်ရှိပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းနဲ့ တီးတိန်မြို့ဘက်ကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေသလို ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ဦးတည်ပြီး မကွေးတိုင်း ပခုက္ကူမြို့ဘက်က ထိုးစစ်ဆင်လာလို့ ချင်း-မကွေးအစပ်နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။




















































