Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ပုံဖော်ပြပြီး စစ်ရာဇဝတ်သားဖြစ်နေသူ ရွေးကောက်ပွဲကို လုပ်ခွင့်မရှိဟု KNU ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ခဲ့ပြီး မင်းအောင်လှိုင်ပုံဖော်ပြကာ စစ်ရာဇဝတ်သားဖြစ်နေသူ ရွေးကောက်ပွဲကို လုပ်ခွင့်မရှိဟု စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။

နိုဝင်ဘာ-၂၃၊ ၂၀၂၅။ ပုရစ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ခဲ့ပြီး မင်းအောင်လှိုင်ပုံဖော်ပြကာ စစ်ရာဇဝတ်သားဖြစ်နေသူ ရွေးကောက်ပွဲကို လုပ်ခွင့်မရှိဟု စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။

KNU ဗဟိုနဲ့ ခရိုင် အသီးသီးဟာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ ဖော်ပြလျက်ရှိရာ အခုတခါမှာ စစ်ရဇဝတ်သားဖြစ်နေသူ ရွေးကောက်ပွဲလုပ်ခွင့်မရှိတာကို မီးမောင်းထိုး ဖော်ပြခဲ့တာပါ။

ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိဆန္ဒမဲနဲ့ စစ်တပ်ကို တရားဝင်လူသတ်လိုင်စင်ပေးတာ၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ မလုပ်မိစေဖို့ KNU က ထပ်မံ သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါစို့…စစ်အာဏာရှင်စနစ် နှင့် မည်သည့်အာဏာရှင်မဆို ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” လို့ KNUက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိ၊ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ထောင်ချောက်ဆင် အတုအယောင်ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတရပ်လုံး ဆန့်ကျင်ကြဖို့ KNUက နှိုးဆော်ထားပါတယ်။

ဒီလို နှိုးဆော်ရာမှာ အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အာဏာမရှိတဲ့ အခြေအနေ၊ ဥပဒေကြောင်းအရ တရားဝင်တဲ့ အခြေအနေတွေကို မီးမောင်းထိုး ဖော်ပြထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ဟာ လက်နက်ဖြင့် အတင်းအဓမ္မအာဏာ လုယူ ခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်မှစပြီး ပြည်သူလူထုအားမတရား ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ လေကြောင်း တိုက်ခိုက်တာ၊ ဘာသာရေးအဆောက်အအုံနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေတာလို့ KNUက ထုတ်ပြန်ထားပါတယ်။

“လူထုအားရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော မင်းအောင်လှိုင် နှင့် ၎င်း၏အပေါင်းအပါ စစ်ဗိုလ်ချုပ်များမှာ နိုင်ငံတကာရာဇ ဝတ်တရားရုံးက ဝရမ်းတရားခံအဖြစ် လျှောက်ထားခံရသူများ လည်းဖြစ်သည်။ သို့ဖြစ်၍ ပြည်သူလူထုအပေါ် ရက်ရက်စက်စက် စစ်ရာဇ ဝတ်မှု ကျူးလွန်ထားသူအဖြစ်သော်လည်းကောင်း၊ ဝရမ်းတရား ခံအဖြစ် လျှောက်ထားခံရသူ အဖြစ်လည်းကောင်း၊ ပြည်သူလူထု ကို ကိုယ်စားပြုမည်ဆိုသည့် ရွေးကောက်ပွဲကို မည်သို့သောနည်း နှင့်မျှ ကျင်းပပြုလုပ်ရန် အခွင့်အာဏာမရှိပေ” လို့ KNU ရဲ့ နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲအား မဲမသမာမှု အကြောင်းပြချက်နဲ့ အာဏာကိုမတရားရယူခဲ့တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ စစ်အာဏာရှင်များရေးဆွဲခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး သမ္မတအား ဖမ်း ဆီးတာ၊ ဒုတိယသမ္မတမြင့်ဆွေအား ယာယီသမ္မတ ခန့်အပ်တာ၊ အရေးပေါ်အခြေအနေကို ပြည်ထောင်စုလွှတ်တော်သို့ မတင်ပြ ခြင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးပေါ်အခြေအနေ ကို နှစ်ကြိမ်ထက် ကျော်လွန်တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့တာ တွေ လုပ်ဆောင်ခဲ့ကြောင်း KNUက ထောက်ပြထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် နိုင်ငံဝန်ထမ်းဖြစ်သူမှ ယာယီသမ္မတရာထူးကိုပါ လက်ကိုင်ထားပြီး ဆောင်ရွက်မှုတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့တိုင်လိုသလိုအသုံးချပြီး လုပ် ဆောင်နေတာဖြစ်လို့ “စစ်ပုန်ကန်မှု”၊ “နိုင်ငံတော်ကို သစ္စာ ဖောက်ဖျက်ပုန်ကန်ခြင်း”၊ “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို တမင်တကာ၊ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ ဖောက်ဖျက်ကျူးလွန်ခြင်း” တို့ကို အထင်အရှားကျူးလွန် သူတွေဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီလိုရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်သူတွေက ရွေးကောက်ပွဲအသုံးပြု တရားဝင်ဖြစ်ဖို့ ကြိုးပမ်းနေမှုကို ပြည်သူလူထုတဦးချင်းစီက မဲမပေးခြင်းနဲ့ ဆန့်ကျင်ခြင်းဖြင့် မိမိတို့ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ ဖြစ်ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ