နိုဝင်ဘာ-၂၃၊ ၂၀၂၅။ ပုရစ်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ စစ်ရှောင်အချို့ နေအိမ် ခေတ္တပြန်ကြည့်စဉ် အဆက်အသွယ်မရ ပျောက်ဆုံးနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၂၂ရက် ညပိုင်း သတင်းမှာဖော်ပြထားပါတယ်။
နိုဝင်ဘာလအတွင်းမှာပဲ ကပ်မှော်ကျေးရွာက အသင်းတော်ဆရာ တဦးနဲ့ အမျိုးသားတဦးဟာ နေအိမ်၊ခြံတွေ ပြန်ကြည့်တာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။
စစ်ရှောင်တွေ နေအိမ်ပြန်ကြည့်တဲ့ ကပ်မှော်ကျေးရွာအနီးမှာ စစ်ကောင်စီ တပ်တွေ တပ်စွဲနေတယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက ပြည်သူတွေရှိရာ ရပ်ရွာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေသလို လေကြောင်း တိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ နေ့တိုင်းဆိုသလို ရှိနေတယ်လို့လည်း KIAက အသိပေးပါတယ်။
ဖားကန့်ဒေသ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၀ရက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်လို့ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။
ဖားကန့်တပ်မကုန်းနဲ့ မရှီကထောင် ရက္ခိုင်ကုန်းက လက်နက်ကြီးနဲ့ ၁၀ကြိမ် ရမ်းသမ်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီ တပ်က လက်နက်ကြီး ရမ်းပစ်ခတ်လို့ နိုဝင်ဘာလအတွင်း ပြည်သူ ၁၀ဦး ဒဏ်ရာရကာ ၁ဦးသေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။
KIAနဲ့ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ နှစ်ဝက်ကျော်ကြာပြီဖြစ်ပါတယ်။ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဖြစ်နေသလို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းစတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖားကန့်မှာ ပြည်သူတွေ သေဆုံးထိခိုက်မှု မကြာခဏ ရှိခဲ့ပါတယ်။
(ဖားကန့်ဒေသ စစ်ရှောင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – Screengrab)















































