နိုဝင်ဘာ ၂၃၊၂၀၂၅။မိထက်/People’s Spring
ပဲခူးတိုင်းအနောက်ခြမ်းကြို့ပင်ကောက်မြို့အဝင် စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်တွေက လျှပ်တပြက်ဝင်တိုက်ခိုက်ရာ ရဲတစ်ဦးနဲ့ ပျူစောထီး လေးဦးသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နိုဝင်ဘာလ၂၃ရက်မနက် ၉နာရီခန့်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
“မြို့အဝင်မှာ ရဲတွေနဲ့ ပျူတွေကစောင့်နေတာကို ကားနဲ့လာပြီး ပစ်တာ။ ရဲတွေရော ပျုတွေရော သေတယ်ကြားတယ်။ စစ်တပ်က မြို့အဝင်ကို ပိတ်စစ် နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ပျူစောထီးလေးဦး သေဆုံးတယ်လို့ ကြို့ပင်ကောက်ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မနေ့က နိုဝင်ဘာလ၂၂ရက် ညကလည်း ကြို့ပင်ကောက်မြို့နဲ့ကပ်လျှက်ရှိတဲ့ ဇီးကုန်းမြို့ပေါ်က KTV (ကာရာအိုကေဆိုင်)မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
နတ်စစ်သည်တပ်ဖွဲ့နဲ့ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် BTZM တပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း ကြို့ပင်ကောက်မြို့ဝင်ဂိတ်ကို တိုက်ခိုက်တဲ့ဖြစ်စဉ်ကိုတော့ သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။


















































