နိုဝင်ဘာ-၂၃၊၂၀၂၅။People’s Spring
မြန်မာနယ်စပ်မှာတိုက်ပွဲဖြစ်ပြီး လမ်းချော်လာတဲ့ လက်နက်ကြီးကျည်တစ်ခု ထိုင်းပိုင်နက်ထဲ ကျရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်က သတိပေး ပစ်ခတ်ပြီး တုံ့ပြန်ခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation ကဖော်ပြပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ကစလို့ မြန်မာဖက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး ထိုင်းဖက်ကို လက်နက်ကြီးကျည် ကျရောက်လာခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့်လည်း ထိုင်းနယ်ခြားစောင့်စစ်တပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နက်ကို ကာကွယ်ဖို့ သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ သတိပေး ပစ်ခတ်မှုတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ပိုင်နက်ထဲ လမ်းကြောင်းမှား ဝင်ရောက်လာတဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထိုင်းနယ်ခြားစောင့်တပ်တွေ ပေးပို့တဲ့ နယ်စပ်တစ်ဖက်ခြမ်း တိုက်ပွဲတွေအကြောင်း အစီရင်ခံစာကို လက်ခံရရှိခဲ့တယ်လို့ ထိုင်းစစ်ရေးကွပ်ကဲမှု ဗဟိုဌာနက ပြောပါတယ်။
တက်ခ်ပြည်နယ်နဲ့ ထိစပ်ရာကရင်ပြည်နယ်၊မြဝတီ ခရိုင်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။
ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ မဲဆောက်ခရိုင်၊မဟာဝမ်ခရိုင်ခွဲထဲက ဘန်မယ်ခွန်ကန် ကျေးရွာအုပ်စုရဲ့ အမှတ် ၄ ကျေးရွာထဲက စိုက်ခင်းတစ်ခုကို ထိမှန်ခဲ့ပါတယ်။လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ အိမ်နဲ့ ကားတစ်စီးကို အစအနတွေ ထိမှန်ပြီး အနည်းငယ် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မနက် ၁၁ နာရီ ဝန်းကျင်မှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့နောက် ၅ မိနစ်အကြာမှာ ထိုင်းနယ်ခြားစောင့်တပ်ကလည်း ၁၂ မမ မော်တာကျည် တစ်တောင့်နဲ့ သတိပေး တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မော်တာ ကျည်ဟာ မြန်မာဖက်ခြမ်းက စစ်ဖြစ်နေတဲ့ နှစ်ဖက်ကြားက လူသူကင်းရှင်းရာ ဧရိယာကို တိုက်ရိုက် ချိန်ရွယ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာတော့နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ၂၄ နာရီ အချိန်ပြည့် မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့လည်း ထိုင်းနယ်ခြားစောင့်တပ်က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ၂၁ရက် မနေ့ကစပြီး မြ၀တီမြို့နယ်၊ မြ၀တီ-ဝေါ်လေ လမ်းမပေါ်ရှိ အင်ကြင်းမြိုင်ကျေးရွာကနေ မင်းလက်ပံကျေးရွာဘက်ကို စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား မင်းလက်ပံရွာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က People’s Spring ကိုပြောပါတယ်။
နှစ်ရက်တာတိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ထဲကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီပေါက်ကွဲမှုမှာ သုံးဦး ထိခိုက်မှုရှိခဲ့တယ်လို့ သိရပြီး အသေးစိတ် မသိရသေးပါဘူး။
မင်းလက်ပံရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာနေတယ်လို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
မင်းလက်ပံတိုက်ပွဲကြောင့် ဒေသခံရွာသူရွာသားတွေ ဘေးလွတ်ရာနေရာဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။စစ်ဘေးရှောင်တွေဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကိုလည်းထွက်ပြေးခဲ့ကြပါတယ်။
ကိုးကား-The Nation



















































