နိုဝင်ဘာ ၂၃၊ ၂၀၂၅။မေရီ၊မေ/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ကလေးတစ်ဦး၊သက်ကြီးရွယ်အို ၂ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၄ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁၂ နာရီခွဲခန့်က မတ္တရာမြို့နယ်မြောက်ခြမ်းမှာရှိတဲ့ နတ်ကြီးစဥ်ကျေးရွာကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး နဲ့ပစ်ခတ်ခဲ့ရာ ပြည်သူ၄ဦး သေဆုံးပြီး ပြည်သူ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
Voice Of Mandalayက ထုတ်ပြန်တဲ့ ဓာတ်ပုံအရ သေဆုံးသူ ၄ ဦးဟာ အိမ်ခြံဝင်းထဲမှာ ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့တာတွေ့ရပြီး သက်ကြီးပိုင်း အမျိုးသမီးကြီး ၂ ဦး၊ ၁၀ နှစ်ဝန်းကျင် မိန်းကလေးတစ်ဦးနဲ့ လူငယ်အမျိုးသားတစ်ဦးတို့ ပါဝင်တာကို တွေ့ရပါတယ်။

Public Service Announcement
“ပစ်တဲ့ စစ်တပ်က စကျင်တောင်ပေါ်က ဖြစ်ဖို့များတယ်။ အတိအကျတော့မသိဘူး။”လို့ Voice Of Mandalay အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
အခြားဒေသခံတဦးကလည်း “ဈေးတွေကိုဦးတည်ပြီး ပစ်တာဗျ။မြောက်ခြမ်းမှာ နတ်ကြီးစင်မှာပဲ ဈေးရှိတော့ လူစည်တယ်။အဲတာဈေးထဲလည်းကျတယ်။အဓိကက ရွာတွေထဲကျတာ။အဆက်မပြတ်ကိုပြစ်နေတာ။တိုက်ပွဲလည်း မရှိဘူး”လို့ ပြောပါတယ်။
ဒဏ်ရာရထားတဲ့ ဒေသခံ လေးဦးကလည်း ဒဏ်ရာပြင်းထန်တာမို့ ဆေးရုံကိုပို့ ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလယ်ပိုင်းကလည်း မတ္တရာမြို့နယ်ရှိ နံ့သာမြိုင်ရွာအနီး လက်နက်ကြီးတွေကျခဲ့ပြီး ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်ထဲက တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့ နေရာတွေကို စစ်တပ်က အင်အားသုံးကာ ဝင်ရောက်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
မတ္တရာမြို့နယ်မြောက်ခြမ်းမှာ စစ်တပ်က အင်အား၃၀၀၀ကျော်ပို့ကာ နယ်မြေရယူဖို့ကြိုးစားနေပြီး လက်နက်ကြီးပစ်ခတ်မှု တွေဆက်တိုက်ပြုလုပ်နေပါတယ်။


















































